ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှု

ဟိုပုံး ဩဂုတ် ၂၈

နိုင်ငံတော်အစိုးရက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာ ဖတ်ရှုနိုင်စေရန်အတွက် ရပ်ကွက်/ ကျေးရွာအတွင်းရှိ စာကြည့်တိုက်အဆောက်အအုံသစ်များ ဆောက်လုပ်ရန်နှင့် စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေးတို့ကို အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စာကြည့်တိုက်ဆောင်လုပ်မည့်မြေနေရာအား ယမန်နေ့နံနက် (၁၀)နာရီအချိန်က တာဝန်ရှိသူများက စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာနှင့် ပေါင်းလင်းကျေးရွာအုပ်စု၊ ဒုံမေးခိုးကျေးရွာတို့တွင် ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ကျေးရွာစာကြည့်တိုက် သစ်မြေနေရာရရှိရေး ကွင်းဆင်းကြည့်ရှုခဲ့ရာ စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာအား အများပြည်သူအလွယ်တကူ ဝင်/ထွက်သွားလာနိုင်မည့် မြေနေရာဖြစ်စေရေး၊ အဆောက်အအုံ ရေရှည်တည်တံ့ခိုင်မြဲရေး၊ ကျေးရွာသူ၊ ကျေးရွာသားများအတွက် ပညာရှာမှီးရာတွင် အထောက်အပံ့ ဖြစ်စေရေးတို့အတွက် အချက်အချာကျသည့် မြေနေရာရရှိနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြသည်။ ထို့ပြင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသစ်ဆောက်လုပ်မည့် စာကြည့်တိုက်တစ်တိုက်လျှင် ငွေကျပ်သိန်း (၁၅၀) နှုန်းဖြင့်လည်းကောင်း၊ စာကြည့်တိုက်များ ပြန်လည်ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်အတွက် တစ်တိုက်လျှင် ငွေကျပ် သိန်း(၅၀)နှုန်းဖြင့် လည်းကောင်း နိုင်ငံတော်အစိုးရနှင့်အလှူရှင်များက ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။ ဟိုပုံးမြို့နယ် စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာနှင့် ပေါင်းလင်းကျေးရွာအုပ်စု၊ ဒုံမေးခိုး ကျေးရွာတို့တွင် စာကြည့်တိုက်အဆောက်အဉီအသစ် ဆောက်လုပ်သွားမည်ဖြစ်ပြီး လွယ်အွန့် ကျေးရွာရှိစာကြည့်တိုက်ကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)