မုဒုံမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မုဒုံ သြဂုတ် ၂၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံမြို့)တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဝင်းက မှုခင်းကျဆင်းရေးနှင့် အွန်လိုင်းပေါ်တွင် ဖြစ်ပွားနေသည့် ပြစ်မှုပြစ်ဒဏ်အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အမှတ် (၃၈) မူးယစ်တပ်ဖွဲ့စု မော်လမြိုင်မှ ရဲအုပ်သင်းထွန်းနိုင်က မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် သုံးစွဲခြင်းဖြင့်ရရှိမည့်ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး၏ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် နည်းပြဆရာမများ၊ သင်တန်းသူများက တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေး၍ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)