ဗိုလ်တထောင် ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ အသိပညာ၊ အတွေးအခေါ်များပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ်ရုံးမှဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်နှင့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဆွေဆွေလှိုင်တို့ကဆောင်ရွက်ခဲ့ပြီး ကျောင်းသား(၆)ဦးတို့က လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေးအစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသားလေးများက မိမိတို့သိရှိလိုသည်များမေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် ပါဝင်ဆွေးနွေးပေးကြသော ကျောင်းသားများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လွင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ခင်ဝင်းကြည်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်ခင်ညွန့်၊ အမှတ်တရလက်ဆောင်ပစ္စည်းအလှူရှင်ဦးနေဝင်းအောင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအရေးအသင်းအဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က ကျောင်းသားများအားအမှတ်တရလက်ဆောင်ပစ္စည်းများချီးမြှင့်ပေးခဲ့ပြီး အ.ထ.က(၆)ကျောင်းအုပ်ဆရာကြီးဒေါ်ဆွေဆွေလှိုင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသားစုစုပေါင်း(၂၃၅)ဦးခန့် တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးအန္တရာယ်အသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆေးရွက်ကြီးဆေးလိပ်အန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသားများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)