တပ်ကုန်းမြို့၌ စာကြည့်တိုက်အဆောက်အဦသစ် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

တပ်ကုန်း ဩဂုတ် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သရက်ပင်ကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့်တည်ဆောက်မည့် စာကြည့်တိုက်အဆောက်အဦသစ် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၊ စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာတွင် ကျင်းပသည်။

အခမ်းအနားတွင် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်အဖွဲ့မှ အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်းက စာကြည့်တိုက်ပေါ်ထွန်းလာပါက အသက်အရွယ်နှင့် ဆင်းရဲချမ်းသာမရွေး စာပေအသိဉာဏ်ဗဟုသုတများကို အခမဲ့ရရှိမည်ဖြစ်ကြောင်း၊ ယခုမြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့်တည်ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်ကို ပြည်သူများက အားကြိုးမာန်တက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပြီးနောက် စာကြည့်တိုက်အဆောက်အဦသစ်ဆောက်လုပ်မည့် မြေနေရာအား အဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသွယ်တို့က မင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့သည်။

အဆိုပါကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေ ကျပ်သိန်း ၁၅၀ ဖြင့် အလျား ၂၀ပေ၊ အနံ ၂၀ ပေရှိ တစ်ထပ် စာကြည့်တိုက်အဆောက်အဦသစ် တည်ဆောက်မည်ဖြစ်ကြောင်း သိရပြီး၊ အိမ်ထောင်စု ၃၆၃ စု၊ လူဦးရေ ၁၅၆၉ ဦးနေထိုင်ပြီး၊ စိုက်ပျိုးရေးလုပ်ငန်း အဓိကဆောင်ရွက်ကြကြောင်း သိရသည်။

တင်စိုးလွင်