သထုံ ဩဂုတ် ၂၇
မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ အေးမြခိုင်ဈေးလမ်းတွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က လူနေအိမ်တစ်လုံး၌ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘင်လှိုင်ရပ်ကွက်၊ အေးမြခိုင်ဈေးလမ်းရှိ ခရိုင်စီမံကိန်းရုံးမှ ညစောင့်ဝန်ထမ်း၏မိခင်ဖြစ်သူက ထမင်းဟင်းချက်ပြုတ်ပြီး ဈေးရောင်းထွက်ခဲ့ရာ မီးကြွင်းမီးကျန်မှတစ်ဆင့်အလျား(၁၀)ပေ၊ အနံ(၁၁)ပေခန့်၊ အမြင့်(၁၀)ပေခန့်ရှိ၊ သွပ်မိုး၊ ဝါးထရံကာ၊ သစ်သားကြမ်းခင်း တစ်ထပ်နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူးဦးရဲညွန့်ထွေးဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ရပ်ကွက်နေပြည်သူများ အမြန်ဆုံးဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေအိမ်၏ သစ်သားကြမ်းခင်းနှင့် ဝါးထရံကာများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုသူအား ဥပဒေနှင့်အညီ အမှုဖွင့်လှစ် အရေးယူထားကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။
ခရိုင်ပြန်/ဆက်