ပျဉ်းမနား ဩဂုတ် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ နေပြည်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)မှ ဦးစီးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတန်းစုံတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့စရိတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦး၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မော်တော်ယာဉ်အသင်းအသီးသီးမှ ယာဉ်ပိုင်ရှင်/ယာဉ်လိုင်းပိုင်ရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦစွာ နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦးက နေပြည်တော်မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး)အနေဖြင့် လက်ရှိအခြေအနေတွင် နေပြည်တော်အခြေပြု ယာဉ်အသင်း ၃၄ သင်း၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအခြေပြုယာဉ်အသင်း ၉၃ သင်း၊ စုစုပေါင်းယာဉ်အသင်း ၁၂၇ သင်းက နေပြည်တော်နှင့် ကျန်သောတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက မြို့ပေါင်း ၆၅ မြို့ကို နေ့စဉ်ပြေးဆွဲလျက်ရှိပြီး လုပ်ငန်းများကို နေပြည်တော်ကောင်စီ၏ လမ်းညွှန်မှုနှင့် နေပြည်တော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကြီးကြပ်ကွပ်ကဲရေးအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကို တွေ့မြင်ရကြောင်း၊ တစ်ဖက်မှာလည်း ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ခရီးသွားပြည်သူများစိတ်ချမ်းမြေ့စွာသွားလာနိုင်ရေးအတွက် ကြိုးပမ်းနေသကဲသို့ တစ်ဖက်တွင်လည်း ယာဉ်အသင်းများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း/ယာဉ်နောက်လိုက် စသော ယာဉ်ဝန်ထမ်းများနှင့် မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်တွေမှာလည်း စည်းမျဉ်း၊ စည်းကမ်းများသတ်မှတ်ပြီး ထောက်ပံ့ကူညီပေးနေတာကို တွေ့ရှိရသည့်အတွက် နေပြည်တော်ကောင်စီ၊ နေပြည်တော်ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကြီးကြပ်ကွပ်ကဲရေးအဖွဲ့အနေဖြင့် လွန်စွာဝမ်းမြောက်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များထွန်းကားလာစေရေးအတွက်၊ လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ရေး၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးဆိုသော လူမှုရေးဦးတည်ချက်တွေချမှတ်ပြီး လူငယ်/လူရွယ်များ ပညာတတ်တွေဖြစ်လာစေရန် ဆောင်ရွက်ပေးနေသကဲ့သို့ ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်း ဘယ်လိုအခက်အခဲမျိုးတွေဘဲ ကြုံရ ကြုံရ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် ပညာကို ကြိုးပမ်းသင်ယူစေလိုကြောင်း၊ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်သည့်နေရာမှာ နောင်အနာဂတ်နိုင်ငံတော်ကြီးကို ပခုံးပြောင်းလက်ဆင့်ကမ်းပြီး ပိုမိုတိုးတက်အောင်တည်ဆောက်ကြရန် တာဝန်ယူကြရန် ကျောင်းသူ/ကျောင်းသားများအပါအဝင် လူငယ်လူရွယ်များက အဓိက အခန်းကဏ္ဍက ပါဝင်နေသည့်အတွက် ပညာကို တတ်မြောက်အောင်ကြိုးစားသင်ယူပြီး ထူးချွန်ထက်မြက်ပြီး အနာဂတ်နိုင်ငံတော်ကြီးက အားထားရသူတွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော် မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ(အဝေးပြေး) အတွင်းရေးမှူး၊ ပညာ/ကျန်းမာ/လူမှုဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းမင်းသိန်းက ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဦးနှင့် တာဝန်ရှိသူများက ပညာရည်ချွန်ဆု၊ ပညာသင်ထောက်ပံ့စရိတ်နှင့် ကျောင်းသုံးဗလာစာအုပ်များ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည့် မမေဇင်သက်က ကျေးဇူးတင်စကားပြောကြားပြီး နေပြည်တော်ကောင်စီဝင်၊ နေပြည်တော်ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတန်းစုံတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုနှင့် ပညာသင်ထောက်ပံ့စရိတ် စုစုပေါင်း ချီးမြှင့်ထောက်ပံ့ငွေကျပ် ၁၆,၉၈၆,ဝဝဝိ/-(တစ်ရာခြောက်ဆယ့် ကိုးသိန်း ရှစ်သောင်းခြောက်ထောင်ကျပ်တိတိ)ကို ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)