တာချီလိတ်မြို့၌ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေ

တာချီလိတ် ဩဂုတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဩဂုတ်လ (၂၆) ရက်နေ့ ညပိုင်းမှစ၍ မိုးများသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများစီးဆင်းမှုကြောင့် ယနေ့ နံနက်အစောပိုင်းမှ စတင်ကာ ဗိုလ်ချုပ်လမ်းမကြီးနှင့် မြေနိမ့်ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

တာချီလိတ်မြို့၌ ဩဂုတ်လ (၂၂) ရက်နေ့မှစ၍ တတိယအကြိမ် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၂၄ ရက်နေ့၌ ရေများပြန်လည်ကျဆင်းကာ ဩဂုတ်လ (၂၆) ရက်နေ့ ညပိုင်းမှစ၍ မိုးများသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ဗိုလ်ချုပ်လမ်းမကြီးနှင့် မြေနိမ့်ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။ တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်သည် (၃၉၀) စင်တီမီတာဖြစ်ပြီး ပုန်းထွန်တိုင်းတာရေးစခန်းမှ ယနေ့ နံနက် (၉) နာရီခွဲ တိုင်းတာချက်များအရ မိုးရေချိန် (၁.၂၈) လက်မနှင့် မယ်ဆိုင်ချောင်းရေမှတ် (၃၄၆) စင်တီမီတာသို့ ရောက်ရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများအား အရေးပေါ်ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးခြင်းနှင့် ထမင်းထုပ်၊ သောက်ရေသန့်ဘူးများ ဖြန့်ဝေရန် တာချီလိတ်ခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များကို နယ်မြေအလိုက် တာဝန်အသီးသီး ခွဲဝေသတ်မှတ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)