တာချီလိတ်မြို့၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပ

တာချီလိတ် ဩဂုတ် ၂၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်မြတ်ခန်းမ၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ် အနုသုခုမများ၊ အမျိုးသား ယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်မပျက် မတိမ်ကောအောင် ဆက်လက်ထိန်းသိမ်းရန် တိုင်းရင်းသားအားလုံးတွင် တာဝန်ရှိကြောင်း၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး(တာချီလိတ်)နှင့် မြန်မာနိုင်ငံသဘင်အစည်းအရုံး(တာချီလိတ်)မှ အဆို ဦးအေးချိုနှင့် အက မငြိမ်းငြိမ်းနုတို့မှ “ချောကလျာ” တေးသီချင်းဖြင့် အဖွင့်ဂုဏ်ပြုတင်ဆက်ကာ ပြိုင်ပွဲကျင်းပရေးကော်မတီ အကဲဖြတ်ဒိုင်ချုပ်မှ အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ အခြေခံပညာအဆင့် အသက် ၁၀ နှစ်မှ ၁၅ နှစ်၊ အသက် ၁၅ နှစ်မှ ၂၀ နှစ်အထိ အကပြိုင်ပွဲ၊ ဝါသနာရှင် (ဒုတိယတန်း) အကပြိုင်ပွဲ၊ အခြေခံပညာအဆင့် အသက် ၁၀ နှစ်မှ ၁၅ နှစ် စန္ဒယားအတီးပြိုင်ပွဲနှင့် အခြေခံကဗျာလွတ်အကများဖြင့် ကဏ္ဍအလိုက် ပါဝင်ယဉ်ပြိုင်ခဲ့ကြပြီး တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့မိ မြို့ဖနှင့် ဧည့်ပရိတ်သတ်များအား တိုင်းရင်းသားရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ ရိုးရာအက အလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဆက်လက်၍ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် မြို့မိ မြို့ဖများ၊ လုပ်ငန်းရှင်များနှင့် အကဲဖြတ်အမှတ်ဒိုင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (တာချီလိတ်)