ပင်းတယမြို့နယ်တွင် (EM) ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်နည်းအား လက်တွေ့ပြုလုပ် ပြသဆောင်ရွက်

ပင်းတယ ဩဂုတ် ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ တောင်သူများအား ဓာတ်မြေဩဇာများနှင့် သဘာဝမြေဩဇာများကို မိမိကိုယ်တိုင်ပြုလုပ် သုံးစွဲနိုင်ရန်နှင့် သဘာဝမြေဩဇာများကို အချိန်ကိုက်အချိုးကျ သုံးစွဲခြင်းအားဖြင့် ဓာတ်မြေဩဇာသုံးစွဲမှု လျော့ကျစေရန်ရည်ရွယ်၍ (EM)ဘိုကာရှီပြုလုပ်သုံးစွဲနည်းနှင့် Super ဘိုကာရှီပြုလုပ်ခြင်း ကွင်းဆင်းသရုပ်ပြခြင်းကို ပင်းတယမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပွေးလှကျေးရွာ၊ မြင်းမူးကျေးရွာနှင့် ကျုံးကျေးရွာများသို့ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း၍ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းရှိ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များကို သဘာဝမြေဩဇာများ လက်တွေ့ပြုလုပ်သုံးစွဲနိုင်ရန် မိမိတို့ကိုယ်တိုင် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲသည့် အလေ့အထကောင်းများ ရရှိလာနိုင်စေရေးအတွက်လည်းကောင်း၊ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် ဘေးအန္တရာယ် ကင်းရှင်းသော ဒေသထွက်ကုန်များ ရရှိလာနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝမြေဩဇာ သုံးစွဲခြင်းဖြင့် သီးနှံမျိုးစုံနှင့် အပင်များ၏ ဖွံ့ဖြိုးတိုးတက်လာမှုများ၊ သီးနှံနှင့် အပင်ကို ဖျက်ပိုးများ၏ တိုက်ခိုက်ဖျက်ဆီးမှု အခြေအနေ၊ ခံနိုင်ရည်ရှိမှု အခြေအနေများကို သိရှိနိုင်ရေးအတွက်လည်းကောင်း၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်း၏ အကျိုးကျေးဇူးများကို သိရှိနိုင်စေရန် အတွက်လည်းကောင်း ရည်ရွယ်၍ ယခုကဲ့သို့ နည်းပညာပေး လက်တွေ့ပြသဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ဒေသအတွင်းရှိ သီးနှံစားသုံးသူ ပြည်သူများ အနေဖြင့်လည်း ဘေးအန္တရာယ်ကင်းရှင်းသော သဘာဝစားသောက်ကုန် သီးနှံများကို ရရှိစားသုံးနိုင်စေရေးအတွက် လည်းကောင်းရည်ရွယ်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း ပင်းတယမြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်မော်မော်လွင်က ပြောပြခဲ့သည်။

ပင်းတယမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ယခုကဲ့သို့ သဘာဝမြေဩဇာများ လက်တွေ့ပြုလုပ် နည်းပညာပေး ပြသဆောင်ရွက်ခြင်းကို ဒေသအတွင်းရှိ ကျေးရွာများတွင်ပါ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)