ကျောက်ဆည်မြို့အဝင် တံစိုးဂိတ်လမ်းအား ကျောက်ပျက်လမ်း(၇၀၀)ပေနှင့် လမ်းလယ်ကျွန်း ဘယ်ညာ(၂)လမ်းအား ကတ္တရာ(၁၅၀၀)ပေခင်းပေး

ကျောက်ဆည် ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာ(၃၇)ရွာတို့အား တိုက်ရိုက်အကျိုးပြုမည့် ကျောက်ဆည်မြို့အဝင် တံစိုးဂိတ်လမ်းအား ကျောက်ပျက်လမ်း(၇၀၀)ပေနှင့် လမ်းလယ်ကျွန်း ဘယ်ညာ(၂)လမ်းအား ကတ္တရာ(၁၅၀၀)ပေ ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  

အဆိုပါ မြို့အဝင်လမ်းအား ကျောက်ပျက်လမ်းနှင့် ကတ္တရာခင်းခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူပြီး ကျောက်ပျက်လမ်းအား အရှည်(၇၀၀)ပေ၊ အကျယ်(၂၀)ပေ၊ ထု(၁၂)လက်မနှင့် ကတ္တရာခင်းခြင်းများကို လမ်းလယ်ကျွန်း ဘေးဝဲယာ(၂)လမ်းအား (၁)လမ်းလျှင် အရှည်(၁၅၀၀)ပေ အကျယ်(၁၈)ပေ၊ ထု(၉)လက်မ ခင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး၍ ကျောက်ဆည်မြို့နှင့် တံစိုး၊ တုံလုံ၊ တောတွင်၊ ဘုံကွင်း၊ စမာ စသည့် ကျေးရွာ(၃၇)ရွာတို့မှ ပြည်သူတို့အတွက် များစွာအထောက်အကူပြုသည့်အပြင် မြို့အဝင်လမ်းဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာခဲ့ပြီဖြစ်ကြောင်း  သိရသည်။

  ကျောက်ဆည်မြို့အဝင် တံစိုးဂိတ်လမ်းသည် ကျေးရွာ(၃၇)ရွာအား တိုက်ရိုက်အကျိုးပြုသည့်အပြင် ကျောက်ဆည်မြို့နှင့် မြစ်သားမြို့တို့အား ဆက်သွယ်ထားသောအတိုဆုံးလမ်းဖြစ်ခြင်း၊ ရန်ကုန်၊ မန္တလေး အမြန်လမ်းမကြီး၊ အမှတ်(၁)ခရိုင်ချင်းဆက်လမ်း၊ ကျေးရွာချင်းဆက်လမ်းများနှင့် ဆက်သွယ်ထားသောကြောင့် ဒေသအတွင်းကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သယ်ယူနိုင်ပြီး ပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်၊(ကျောက်ဆည်)