လင်းခေးတွင် မိုးအဆက်မပြတ်ရွာသွန်း၍ နမ့်တိန်းချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်

လင်းခေး သြဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်တိန်းချောင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါရေကြီးမှုကြောင့် လင်းခေးမြို့ နမ့်တိန်းချောင်းကမ်းစပ်အနီးရှိ ရပ်ကွက်လူနေအိမ်အချို့တို့နှင့် နားကုန်းကျေးရွာအုပ်စုအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် လူသွားလမ်းမကြီးများ၌ ရေနစ်မြှုပ်ခြင်းဖြစ်ပေါ်သောကြောင့် ဒေသနေပြည်သူများ သွားလာရေးခက်ခဲလျက်ရှိရာ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့ဆောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့နှင့် နမ့်ခုံးရှမ်းများပရဟိတအသင်း (ခွဲ) (လင်းခေးမြို့နယ်) ပူးပေါင်းအဖွဲ့က ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိသောနေရာများသို့ စားနပ်ရိက္ခာများနှင့် ဆေးဝါးများ သွားရောက်ကူညီထောက်ပံ့ပေးလျက်ရှိသည်။

လင်းခေးနမ့်တိန်းချောင်း ရေကြီးရေလျှံမှုမှာ သြဂုတ် ၂၂ ရက်နေ့မှစတင်ဖြစ်ပေါ်လာကာ ယနေ့အထိ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း၊ လူ၊ တိရိစ္ဆာန်များနှင့် အဆောက်အဦးများ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)