သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ရသလမ်းဆုံ စာဖတ်ဝိုင်း ပြုလုပ်

သာစည် ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ မြို့နယ်မှစာရေးဆရာများနှင့်ကျောင်းသားလူငယ်များ ပါဝင်သော ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဇော်မင်းထွေး (စာရေးဆရာခန့်စစ်အောင်)က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး ကျောင်းသား/သူများအနေဖြင့် မိမိတို့သိရှိလိုသည်များကို ပါဝင်မေးမြန်းဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ အောင်ပိုင်က သုတရသစာပေများအကြောင်းနှင့်ပတ်သက်၍ ဆွေးနွေးပြီး စာဖတ်ကြရန် ပြောကြားသည်။ ထို့နောက် ကျောင်းသားလူငယ်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ စာရေးဆရာ အောင်ပိုင်က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။ ရသလမ်းဆုံ စာဖတ်ဝိုင်းကို တစ်လလျှင် တစ်ကြိမ်ပြုလုပ်ပြီး မြို့နယ်မှစာရေးဆရာများက စာပေနှင့်ပတ်သက်၍ ကိုယ်တိုင်ရေးသားထားသည်များနှင့် အခြားသောစာရေးဆရာများ ရေးသားထားသည့် စာပေအကြောင်းအရာများကို မျှဝေခံစားပြီး အပြန်အလှန် ဆွေးနွေးခြင်း၊ တက်ရောက်လာသည့် စာပေဝါသနာရှင်များကို စာများများဖတ်ကြရန် တိုက်တွန်းပြောကြားခြင်းနှင့် စာရေးသားနည်းများကို မျှဝေပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မှစာရေးဆရာများ၊ ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)