စဉ့်ကိုင်မြို့နယ် အ.ထ.က (စဉ့်ကိုင်)၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

စဉ့်ကိုင် ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အ.ထ.က(စဉ့်ကိုင်)ရှိ သဇင်ခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန်၊ လူအများအလယ်တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်၊ နှုတ်မှုစွမ်းရည်၊ အပြောစွမ်းရည်များ တိုးတက်လာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ပိုမိုတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြား၍ “လူငယ်များ အသိပညာ၊ အတတ်ပညာနှင့် လူ့ကျင့်ဝတ်တန်ဖိုး မြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ တိုးတက်လာစေရန် လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက Moderator အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး Grade-11 (C) မှ ကျောင်းသူ မချစ်သဲပိုပိုက လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 (C) ကျောင်းသား မောင်နိုင်ဥက္ကာလင်းက လူငယ်နှင့်ဆိုရှယ်မီဒီယာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 (A) ကျောင်းသား မောင်ပြည့်ဖြိုးမောင်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade- 11(E) ကျောင်းသား မောင်ဟိန်းမင်းမြတ်က လူငယ်နှင့်စာကြည့်တိုက် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးစီးအရာရှိက  ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက  ‌ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ စကားဝိုင်းပြီးနောက် တက်ရောက်ကြသည့် ကျောင်းသား/သူများသည် ခန်းမအတွင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

လူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများ၊ အ.ထ.က(စဉ့်ကိုင်)မှ ကျောင်းအုပ်ရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစု‌ပေါင်းလူဦးရေ (၃၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)