မိုးနဲမြို့နယ်တွင် ဈေးကွက်ဝင်ကောက်ညှင်းယာစပါး အောင်မြင်ဖြစ်ထွန်းနေမှုအား ဒေသခံတိုင်ရင်းသားများနှင့်အတူ ကြည့်ရှု

မိုးနဲ ဩဂုတ် ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မိုက်ဟိုင်းကျေးရွာအုပ်စု မယ်ဇလီမြိုင်ကျေးရွာ ကွင်းအမှတ် ၇၆ တောင်သူဦးစိုင်းလူ၏ ယာမြေ (၄) ဧကနေရာတွင် ဈေးကွက်ဝင်ကောက်ညှင်းယာစပါးမျိုးကွဲ ထိုင်းကောက်ညှင်းမျိုးကို ဇွန်လ‌ နောက်ဆုံးပတ်က စတင်စိုက်ပျိုးခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒေသခံတိုင်းရင်းသားများနှင့်အတူ ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်းသိရသည်။

မိုးနဲမြို့နယ်အတွင်း ယာစပါး ၁၁၁ ဧကစိုက်ပျိုးထားရှိပြီး တောင်သူများဒေသနှင့်ကိုက်ညီမည့် ယာစပါးမျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်ရေး၊ မျိုးသန့်ပွား စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော နည်းပညာဖြန့်ဝေပေးခြင်းနှင့် သွင်းအားစုများ ကူညီပံ့ပိုးခြင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)