မိုင်းပန်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မိုင်းပန် ဩဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်ပန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဘောလုံးကစားသမားအသင်းများမှ ကြွရောက်ချီးမြှင့်ပါသော လူကြီးမင်းများအား ချီတက်အလေးပြုခဲ့ကြပြီး မိုင်းပန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်မြတ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်မင်းက အမှာစကားပြောကြားခဲ့ပြီး မိုးရာသီကျောင်းကောင်စီဖလား ဗိုလ်လုပွဲကို အနော်ရထာအသင်းနှင့် ‌အလောင်းဘုရားအသင်းတို့က ဆက်လက်ယှဉ်ပြိုင်ရာ အလောင်းဘုရားအသင်းက အနော်ရထာအသင်းအား ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာ/မများမှ မိုးရာသီကျောင်းကောင်စီဘောလုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ အသန့်ရှင်းဆုံးဆု၊ အကောင်းဆုံးဘောလုံးကစားသမားဆုနှင့် အကောင်းဆုံးဂိုးသမားဆုအသီးသီးတို့အား  ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)