သံဖြူဇရပ် ဩဂုတ် ၂၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ကျိုက္ခမီမြို့အခြေခံပညာအထက်တန်းကျောင်း၊ (ပညာ့ဗိမ္မာန်)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးအေးလွင်က အမှာစကားပြောကြားကာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသီက လူငယ်စကားဝိုင်းပြုလုပ်ပေးခြင်းဖြင့် ကျောင်းသားလူငယ်စဥ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး၊ ဉာဏ်ရည်ဉာဏ်သွေးများ မြင့်မားလာစေရန်နှင့် ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသီက စီစဥ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး၊ ကျိုက္ခမီမြို့ အခြေခံပညာအထက်တန်းကျောင်း Grade-11 မှ ကျောင်းသား၊ ကျောင်းသူ ငါးဦးတို့က လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်အားကစားခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူတို့က ဖြေကြားပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျိုက္ခမီမြို့အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသသထားသည့် အသိပညာပေးနံရံကပ်စာစောင်ကို လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)