ရှမ်းပြည်နယ်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ တောင်ကြီးဌာနခွဲရှိ စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦ အဆင့်မြှင့်တင်ပြုပြင်မွမ်းမံနိုင်ရေး လာရောက်ရှင်းလင်း

တောင်ကြီး သြဂုတ် ၂၇

ရှမ်းပြည်နယ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တောင်ကြီးဌာနခွဲ၊ စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦ အဆင့်မြှင့်တင် ပြုပြင်မွမ်းမံနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လာရောက် ရှင်းလင်းကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ တောင်ကြီးဌာနခွဲ၊ စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦ အဆင့်မြှင့်တင် ပြုပြင်မွမ်းမံနိုင်ရန်အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးမှုများကို အမျိုးသားပြတိုက်(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်နန်းလောင်ငင်းက လာရောက်ရှင်းလင်းရာ ပြတိုက်အဆောက်အဦသည် ၁၉၅၆ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ (၆၈)နှစ်ရှိပြီးဖြစ်ကြောင်း၊ အဆောက်အဦများပြန်လည်ပြုပြင်ထိန်းသိမ်းရန်လိုအပ်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်အဆောက်အဦတွင် စာဖတ်ခန်း၊ ကလေးစာဖတ်ခန်း၊ e - Libary ခန်း၊ စာအုပ်ငှားခန်း၊ ဝန်ဆောင်မှုပေးခန်း၊ ဝန်ထမ်းများ ရုံးခန်းထားများစနစ်တကျ ပြင်ဆင်ထားရှိရန် လိုအပ်လျက်ရှိပါကြောင်းနှင့် ရှမ်းပြည်နယ်ပြတိုက်တွင် ပြသမည့်ပစ္စည်းများ ပြည့်စုံစွာရှိရန်လိုအပ်လျက်ရှိပါကြောင်းနှင့် အဆောက်အဦအသစ် ပြန်လည်တည်ဆောက်နိုင်ပါက ပိုမိုသင့်လျော်ပါကြောင်း ရှင်းလင်တင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်စီးပွားရေးဝန်ကြီး၊ လမ်းပန်းဆက်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အဆောက်အဦနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဆွေးနွေးအကြံပြုချက်များအပေါ် အဆောက်အဦနှင့်ပတ်သက်ပြီး ဦးစားပေးဆောင်ရွက်ရန်၊ အဆောက်အဦအတွင်း လျှပ်စစ်မီးဝါယာများရှော့မဖြစ်စေရေး သတိပြုရန်လိုအပ်ကြောင်း၊  ပြတိုက်အဆောက်အဦ ပြင်ဆင်ရန်အတွက် ကော်မတီဖွဲ့စည်းထားရှိရန်၊ ပြတိုက်နှင့်ပတ်သက်၍ မြေနေရာနှင့်ဘဏ္ဍာငွေလျာထားရန်၊ ပြတိုက်ရှိပစ္စည်းများကိုမလိုအပ်ပါက သင့်တော်သည့်နေရာသို့ ပေးအပ်နိုင်ရန် အကြံပြု​လိုကြောင်း၊ ယခုလို လာရောက်ဆွေးနွေးပေးခြင်းသည် ပြည်နယ်အတွက် များစွာအထောက်အကူပြုပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပြတိုက်နှင့်ပတ်သက်၍ လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျိုင်းတုံဟော်နန်းကိစ္စနှင့်စပ်လျဉ်း၍လည်း လိုအပ်သည်များကို အကြံပြုချက်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ညောင်ရွှေဟော်နန်းကိုလည်း ပြင်ဆင်မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း​ ပြောကြားခဲ့သည်။

မောင်မောင်သန်း(တောင်ကြီး)