နေပြည်တော် ဩဂုတ် ၂၇
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာ၌ ဩဂုတ်လ (၂၅) ရက်နေ့ နံနက် (၈) နာရီခွဲအချိန်ခန့်တွင် ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ်နှစ်လုံး ရွှေ့ပြောင်းခဲ့ရမှုအခြေအနေများနှင့် ချောင်းခွကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာတွင် ကျောက်မဆင်ချောင်း တိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ်တစ်လုံး ရွှေ့ပြောင်းခဲ့ရမှု အခြေအနေများကို သွားရောက်၍ ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ရွှေ့ပြောင်းခဲ့သည့် လူနေအိမ်သုံးလုံးအား နေပြည်တော်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးအတွက် ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ယာယီမြေထိန်းနံရံ အမြန်ပြုလုပ်ရန်အတွက် ထောက်ပံ့ငွေကျပ် သုံးသိန်းထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူက လက်ခံရယူကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုမှုအား ကြည့်ရှုစစ်ဆေးပြီး ယာယီမြေထိန်းနံရံအမြန်ပြုလုပ်ရန်၊ ရေရှည်ခိုင်မာစေရန်အတွက် မြေထိန်းနံရံဆက် လက်ဆောင်ရွက်သွားရန် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ ကျေးရွာအုပ်ချုပ်ရေးတို့ဖြင့် အမြန်ဆုံးပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)