နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး မျောက်ကျောက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဩဂုတ် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မျောက်ကျောက်ရောဂါနှင့်စပ်လျဉ်း၍ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မျောက်ကျောက်ရောဂါ (Monkeypox- mpox) ကူးစက်ဖြစ်ပွားမှုအရှိန်မြင့်တက်လာမှုနှင့်ပတ်သက်ပြီး အရေးပေါ်ကော်မတီ၏ တင်ပြအကြံပြုချက်ကို သဘောတူခဲ့ပြီး အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက် (၂၀၀၅) (International Health Regulations-2005) အရ နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC)အဖြစ် ကြေညာခဲ့သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ခြင်းများ၊ နိုင်ငံတကာလေဆိပ်များနှင့် နယ်စပ်ဖြတ်ကျော်ဝင်/ထွက်ပေါက်များမှာ ရောဂါစောင့်ကြပ်ကြည့်ရှုမှုများ ဆောင်ရွက်နေပြီး နေပြည်တော်အနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအပါအဝင် မျောက်ကျောက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ အကြံပြုချက်များ၊ လမ်းညွန်ချက်များအတိုင်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မျောက်ကျောက်ရောဂါ (mpox) အား အာဖရိကတိုက်၏ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHECS) အဖြစ် သတ်မှတ်ကြေညာခဲ့ပါတယ်လို့ သိရှိရပါကြောင်း၊ ပြည်သူလူထုအတွင်း ဆောင်ရွက်ရန် အကြံပြုချက်များ၊ ကျန်းမာရေးဌာနများတွင် လိုက်နာဆောင်ရွက်ရန် အကြံပြုချက်များနှင့် နိုင်ငံဖြတ်ကျော်ဝင်ထွက်ပေါက်များတွင် ဆောင်ရွက်ရန် အကြံပြုချက်များဆိုပြီး တိကျတဲ့ recommendations များ ထုတ်ပြန်ထားသည့် အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များအတိုင်း မိမိတို့အနေဖြင့် ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်အကြံပြုချက်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အားလုံးပူးပေါင်းပြီး ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့သည့်သာဓကများကို နမူနာယူပြီး မိမိတို့ နေပြည်တော်အတွင်း မျောက်ကျောက်ရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေး ကြိုတင်ကာကွယ်ရေး၊ ကူးစက်ဝင်ရောက်လာပါက စောစီးစွာသိရှိပြီး အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်နိုင်ရေးတို့အတွက် ညှိနှိုင်းပေါင်းစပ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးက မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးအေးမာက မျောက်ကျောက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများအား အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။ 

ထို့နောက် တက်ရောက်လာကြသူများက မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ပြည်သူလူထုအတွင်း မျောက်ကျောက်ရောဂါကာကွယ်ရေးနှိုးဆော်ချက်များ၊ ကာကွယ်ရေးနည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ပြန်/ဆက်)