တောင်ကြီးမြို့တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး ဩဂုတ် ၂၇

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အဆိုပြိုင်ပွဲတွင် ဆုရရှိသူများအား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်ကလည်းကောင်း၊ တစ်ဦးချင်းအကပြိုင်ပွဲတွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခင်မောင်ဝင်းနှင့် တောင်ကြီးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ကေသီသင်တို့ကလည်းကောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက၊ ကျေးလက်ရိုးရာယဉ်ကျေးမှုအကပြိုင်ပွဲများတွင် ဆုရရှိသူများအား နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်ထိုက်ထိုက်လွင်၊ ပညာရေးဒီဂရီကော်လိပ်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦး၊ ခရိုင်ပညာရေးမှူး ဒေါက်တာသင်းသင်းခိုင်နှင့် ခရိုင်လမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးလွင်တို့ကလည်းကောင်း၊ အတီးပြိုင်ပွဲတွင်ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်ကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပြိုင်ပွဲတွင်အကဲဖြတ်အမှတ်ပေးကြသည့် ဒိုင်များအား ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးက ချီးမြှင့်ငွေကျပ် (၁၀)သိန်းကို ပေးအပ်ရာ အကဲဖြတ်ဒိုင်များကိုယ်စား တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ အောင်နေမျိုးက လက်ခံရယူခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များက ပြိုင်ပွဲဝင် အဆို၊ အက၊ အတီးများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)