နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံစိုက် စွမ်းအား တိုးမြှင့်နိုင်ရေးအတွက် မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဩဂုတ် ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သီးနှံစိုက် စွမ်းအား တိုးမြှင့်နိုင်ရေးအတွက် မျိုးစေ့ထုတ်ကုမ္ပဏီများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်အဆင့်ဌာန ဆိုင်ရာများ၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်းမွန်စွာရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း(၄)ရပ်ကို လစ်ဟာမှုမရှိအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်တွင် အဓိကသီးနှံ (၁၀) မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ၊ ကုမ္ပဏီ၊ တောင်သူများ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရမှာ အောင်မြင်မှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးလုပ်ငန်းစဉ်များ၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ မျိုးစေ့ထုတ်ကုမ္ပဏီများက မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးနေမှု အခြေအနေများကို လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် ဦးဟန်သူတို့က ဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)