မြစ်ကြီးနား သြဂုတ် ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်း e-Government စနစ်ပိုမိုပီပြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် IT နည်းပညာများ ကျွမ်းကျင်ရင်းနှီးသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဝန်ကြီးဌာနအသီးသီးကွပ်ကဲမှုအောက်ရှိ အရာထမ်း/အမှုထမ်း ဝန်ထမ်းများအတွက် e-Government အထောက်အကူပြုအခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းများဖွင့်ပွဲကို သြဂုတ် ၂၆ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ် e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ယနေ့ဖွင့်လှစ်ပို့ချမည့် e-Government အထောက်အကူပြု အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်းများသည် ပြည်နယ်အတွင်း e-Government အကောင်အထည်ဖော်ရာတွင် လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ရုံးအပါအဝင် ဌာနဆိုင်ရာအသီးသီးမှလည်း တစ်ပြေးညီ လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ရန်ရည်ရွယ်၍ ဌာနပေါင်းစုံစုစည်းပြီး ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပို့ချပေး ခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် e-Government တည်ဆောက်အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံးနှင့် မရှိမဖြစ်လိုအပ်သည့် အချက်မှာ ICT Infrastructure များကို စနစ်တကျတည် ဆောက်အသုံးပြုရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် Data Centre အဆောက်အဦရှိပြီးဖြစ်သည့် အတွက် Network တစ်ခုရရှိရေး ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် အခြေခံအားဖြင့် လူသားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသည် အရေးပါလာပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုသင်တန်းမှ ကွန်ပျူတာအခြေခံသဘောတရားများနှင့် Network ပိုင်းဆိုင်ရာ နည်းစနစ်အခြေခံများကို ပို့ချပေးသွားမည်ဖြစ်သည့်အတွက် ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ခြင်းအားဖြင့် e-Government ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ကောင်းများ ဖြစ်လာမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် e-Government ဆိုင်ရာအထောက်အကူပြု အခြေခံသင်တန်းနှင့် အဆင့်မြင့်သင်တန်းတို့အတွက် သင်ကြားရေးအဖွဲ့ခေါင်းဆောင် ကွန်ပျူတာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းနိုင်စိုးက သင်တန်းပို့ချသွားမည့် သင်ရိုးညွှန်းတမ်းဘာသာရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ၊ e-Government အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ မေခခန်းမ၌ ဌာနဆိုင်ရာအဖွဲ့ အစည်းအသီးသီး အရာထမ်း/အမှုထမ်း သင်တန်းသား/ သင်တန်းသူ (၈၀)ဦးဖြင့် (၂)ပတ်ကြာ ဖွင့်လှစ်ပေးသွားမည့် ကွန်ပျူတာအခြေခံနှင့် အဆင့်မြင့်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။
ကချင်ပြည်နယ် e-Government အကောင်အထည်ဖော်ရေးဆိုင်ရာ ဦးစီးကော်မတီအနေဖြင့် ပြည်နယ်အတွင်း e-Government ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး Network တစ်ခု အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်သည့်အပြင် လူသားအရင်းအမြစ်ဖွံ့ဖြိုးလာစေရေး ယခုကဲ့သို့ အခြေခံနှင့် အဆင့်မြင့် ကွန်ပျူတာသင်တန်းများကို နှစ်လတစ်ကြိမ်ဖွင့်လှစ်၍ စနစ်တကျအကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)