ကွင်းဆင်း‌ဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်‌ရေးသင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန် သြဂုတ် ၂

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော "ကွင်းဆင်း‌ဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်‌ရေးသင်တန်းဖွင့်ပွဲ"ကို ယနေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အမှာစကားပြောကြားရာတွင် အသင်းအနေဖြင့် လူမှုကရုဏာလုပ်ငန်များဆောင်ရွက်ရာတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီဝန်ထမ်းများ စွမ်းဆောင်ရည်ပြည့်ဝစွာဆောင်ရွက်နိုင်ရန်အတွက် ယခုကဲ့သို့ စွမ်းဆောင်ရည်မြှင့်သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ထို့အတူ အသင်း၏ သမိုင်းကြောင်း၊ ရည်ရွယ်ချက်၊ အခန်းကဏ္ဍနှင့် အခြေခံမူများကို သေချာစွာသိရှိထားရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းတွင် သိရှိလိုသည့် အချက်များကို အပြန်အလှန်ဆွေးနွေးကြပြီး ရရှိသည့် အတွေ့အကြုံဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် အသုံးချစေလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Communication Manager Mr. Mateo Jaramillo Ortega က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲသို့အသင်းဥက္ကဋ္ဌနှင့် အတူအချိန်ပြည့် အလုပ်အမှုဆောင်များဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ အချိန်ပိုင်းအလုပ်အမှုဆောင်ပါမောက္ခ ဒေါက်တာဒေါ်မာလာဝင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းတက်ရောက်မည့် အသင်းဌာနချုပ်မှ ကြက်ခြေနီဝန်ထမ်းများ တက်ရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ပူးပေါင်းဆောင်ရွက်ရေးဌာန ညှိနှိုင်းရေးမှူး Ms. Bonny Foo နှင့်အတူ Communication Manager နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းကို သြဂုတ်လ(၂၆)ရက်နေ့မှ သြဂုတ်လ(၂၇)ရက်နေ့အထိ (၂)ရက်တာ ပြုလုပ်လျက်ရှိပြီး သင်တန်းသို့ အသင်းဌာနချုပ်မှ ကြက်ခြေနီဝန်ထမ်း(၂၂)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)