ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ MSME ချေးငွေလျှောက်ထားမှုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ တိုင်းဒေသကြီးအဆင့်၊ MSME ချေးငွေစိစစ်ရေးကော်မတီမှ MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ထုတ်ချေးပေးမည့် MSME ချေးငွေလျှောက်ထားမှုနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဒဂုံဆိပ်ကမ်းစက်မှုဇုန် ကနောင်ခန်းမ၍ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဥိးစိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူအေးက နိုင်ငံတော်၏ ဦးတည်ချက်(၄)ရပ်အနက် တတိယအချက်ဖြစ်သည့် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေးအတွက် ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား MSME များ ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီနိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်၏ ထုတ်ကုန်များထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရန်အတွက် ချေးငွေထုတ်ချေးပေးနိုင်ရေး၊ ချေးငွေနှင့်ပက်သက်၍ အကြုံးဝင်သည့် စီးပွားရေးလုပ်ငန်းများ၊ ချေးငွေထုတ်ချေးခြင်းမပြုရန် တားမြစ်ထားသည့် လုပ်ငန်းများ၊ ချေးငွေပမာဏ၊ ချေးငွေသက်တမ်း၊ အတိုးနှုန်းစသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းရှင်များက မိမိတို့သိရှိလိုသူများကို မေးမြန်းဆွေးနွေးကြရာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဖြေ​ကြားပေးခဲ့ကြောင်း သိရသည်။ MSME ချေးငွေလျှောက်ထားမှုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)