ဒလ ဩဂုတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြခံအသိအမြင်များ သင်ကြားပို့ချခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကုမုဒြာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးမျိုးမင်းဟိန်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် တရားဝင်အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သောအကြောင်းအရာများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံသားများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို အတည်ပြုသတ်မှတ်ပြဌာန်း ခြင်းဖြစ်ကြောင်း၊ အဓိကမဏ္ဍိုင်ကြီး(၃)ရပ်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို အခန်းကဏ္ဍအလိုက် ခွဲဝေပိုင်းခြား ပြဋ္ဌာန်းသတ်မှတ်ထားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သောအခန်းများ၊ ပုဒ်မများအကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ၊ နိုင်ငံတော်သီချင်း၊ အခြားသင်္ကေတများ၊ နိုင်ငံတော်၏တန်ဖိုး၊ နိုင်ငံတော်၏ သမိုင်းကြောင်း၊ စရိုက်လက္ခဏာများနှင့်ပတ်သက်ပြီး ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးစစ်ကြောင်းအဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးမျိုးမင်းဟိန်းနှင့် ဝန်ထမ်းများ၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၂၄)ဦး တက်ရောက်ခဲ့ကြသည်။
အေးမြမိုး (ပြန်/ဆက်)