ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ့နုဂ္ဂဟစာမေးပွဲ စာအောင်သံဃာများအား စာအောင်ဆုနှင်းသဘင်ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ရမည်းသင်း ဩဂုတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ဩဝါဒစရိယဆရာတော်ကြီးများ ဦးဆောင်ကြီးမှူးကျင်းပသည့် (၂၉) ကြိမ်မြောက်၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ သာသနာ နုဂ္ဂဟစာမေးပွဲစာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာ‌အောင်ဆု ချီးမြှင်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ရမည်းသင်းမြို့ သီလဝခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနား တက်ရောက်လာသည့် ဆရာတော်အရှင်သူမြတ်များ၊ စာအောင်သံဃာတော်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ ခရိုင်သာသနာရေးဦးစီးမှူး ဦးသန်းညွန့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ ရမည်းသင်းမြို့ရန်အောင်မင်းကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဓန္တ နန္ဒောဘာသဆရာတော်၊ ဂန္တဝါစကဏ္ဍိတရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာမေးပွဲ ဆိုင်ရာများကို ပဓာနဝန်ဆောင်ဆရာတော်ရွာတန်းဓမ္မနာဒစာသင်တိုက် ဦးစီးနယယက ဆရာတော် ဦးတက္ခသာရက ရှင်းလင်းလျောက်ထားကာအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းရွှေမှ ဝမ်းမြောက်ကြောင်း လျောက်ထားပြီး (၂၉) ကြိမ်မြောက်၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ သာသနာ့နုဂ္ဂဟစာမေးပွဲ စာအောင်သံဃာ တော်များကို အောင်လက်မှတ်နှင့် စာ‌အောင်ဆုငွေများကို တာဝန်ရှိသူများနှင့် အလှူရှင်များမှ အသီးသီး ချီးမြှင့်ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကြသည်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်လုံးဆိုင်ရာ ဩဝါဒစရိယဆရာတော်ကြီးများ ကြီးမှူးကျင်းပသည့် ပရိယတ္တိသာသနာ့နုဂ္ဂဟစာမေးပွဲ၌ ပထမကြီးတန်းအောင်(၈)ပါး၊ ပထမလတ်တန်းအောင် (၁၅)ပါး၊ ပထမငယ်တန်းအောင်(၂၈)ပါး၊ အခြေပြုမူလတန်းအောင်(၄၉)ပါး၊ တတိယဆင့်အောင်(၂၄)ပါး၊ ဒုတိယဆင့်အောင်(၆၆)ပါးနှင့် ပထမဆင့်အောင်(၁၂၄)ပါး၊ စုစုပေါင်း(၃၁၄)ပါး ‌အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ရမည်းသင်းမြို့ ရန်အောင်မင်းကျောင်းပရိယတ္တိစာသင်တိုက်ပဓါန နာယကဆရာတော် ဘဒ္ဓန္တနန္ဒောဘာသထံမှ ရေစက်ချ တရားတော်နာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ပိတ်သိမ်းခဲ့ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)