ချောင်းဆုံ ဩဂုတ် ၂၆
“စာပေမြင့်မှလူမျိုးတင့်မည်”ဟူသည့်အတိုင်း ကျောင်းသားလူငယ်များ စာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ စာပေဗဟုသုတဖြင့် ပြည့်စုံသူများဖြစ်လာစေရန်အတွက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ (ချောင်းဆုံ)အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဩဂုတ်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ပွဲတော်တွင်ပါဝင်ဆင်နွှဲခဲ့သူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။
အမည်- ဒေါ်စမ်းစမ်းနွယ်
ဒုတိယညွှန်ကြားရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွန်ပြည်နယ်ရုံး
ဒီနေ့အခမ်းအနားကတော့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားပဲဖြစ်ပါတယ်။ အခမ်းအနားကို ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ထိ နှစ်ရက်ကျင်းပတာဖြစ်ပြီး ယနေ့ကဖွင့်ပွဲနှင့် မနက်ဖြန်မှာဆုပေးပွဲ ကျင်းပမှာဖြစ်ပါတယ်။
မွန်ပြည်နယ်အနေဖြင့် ပထမအကြိမ်ရေးမြို့နယ်၊ ဒုတိယအကြိမ် သထုံမြို့နယ်နှင့် ယခုချောင်းဆုံမှာ တတိယအကြိမ်ကျင်းပတာဖြစ်ပါတယ်။ ပွဲတော်ကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူနှင့်ကျောင်းသား၊ ကျောင်းသူများ စာဖတ်တဲ့အလေ့အထဖြစ်ပေါ်လာစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
ယနေ့ပွဲတော်တွင် စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်၊ စာစောင်များလှူဒါန်းမှုနှင့်အတူ ဉာဏဖွံ့ဖြိုးမှုကိုအထောက်အကူပြုသော စာပေဟောပြောပွဲ၊ အထက်တန်း၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများကျင်းပခဲ့ပြီး ကလေးများ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို အထောက်အကူပြုစေရန် အားကစားပြိုင်ပွဲများဖြစ်တဲ့ ခါးလှည့်၊ ခွက်နင်းပြိုင်ပွဲများ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်၊ စာစောင်များ ခင်းကျင်းပြသခြင်းနှင့် စာအုပ်ဈေးရောင်းပွဲတော်များ ဆောင်ရွက်ထားပါတယ်။ ယခုလို ပွဲတော်ကျင်းပခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြိုင်ပွဲဝင်ရန်စာဖတ်ရမယ်။ လေ့လာသင်ယူမှုကို တွန်းအားပေးခြင်းဖြစ်ပြီး အနာဂတ်ကာလမှာ ဦးဆောင်ဦးရွက်ပြုသူအထိဖြစ်စေရန် ရည်ရွယ်ပါတယ်။
အမည်- ဒေါ်ချိုချိုသီတာ
ကျောင်းအုပ်ဆရာမကြီး၊ (ချောင်းဆုံ)အခြေခံပညာအထက်တန်းကျောင်း၊ ချောင်းဆုံမြို့နယ်
ဒီနေ့ပြုလုပ်တဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ပါဝင်တက်ရောက်ရတဲ့အတွက် အထူးဝမ်းသာပါတယ်။ လူငယ်တွေကို စာပေနဲ့ပတ်သတ်ပြီး စိတ်ဝင်စားလာအောင် ရင်းနှီးမှုရှိလာအောင် ပေါင်းကူးပေးတဲ့ ပွဲတော်လည်းဖြစ်ပါတယ်။ အခုလိုပွဲတော်မှာ လူငယ်တွေဟာ ပျော်ရွှင်စွာနဲ့ စာဖတ်ဝိုင်းတွေ ပြိုင်ပွဲတွေ နောက်ပြီး ကျပန်းစကားပြော၊ ပုံပြင်၊ ကဗျာပြိုင်ပွဲတွေလုပ်ပေးတဲ့အတွက် သူတို့က ရှာဖွေဖတ်မှတ် စုဆောင်းလာရတယ် အဲဒီကနေ သင်ကြားရေးအတွက် အထောက်အကူ အများကြီးဖြစ်ပါတယ်။ အခုလိုကျောင်းစာတွေအပြင်ကို ပြင်ပဗဟုသုတ စာပေတွေပါ လေ့လာခွင့်ရအောင် ဖော်ထုတ်ပေးတဲ့ စာကြည့်တိုက်သွားချင်တဲ့ စိတ်တွေဖြစ်လာအောင် မွေးမြူပေးတဲ့ ပွဲတော်ကို ဖြစ်မြောက်အောင် ကူညီထောက်ပံ့ပေးတဲ့ ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ အလှူရှင်တွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ ဒီလိုပွဲတော်တွေကို မကြာမကြာကျင်းပနိုင်အောင်လည်း ကျွန်မက မျှော်လင့်ပါတယ်ရှင်-
အမည်- မောင်ဝင်းဋ္ဌေး
Grade(12)၊ (ချောင်းဆုံ)အခြေခံပညာအထက်တန်းကျောင်း၊ ချောင်းဆုံမြို့နယ်
ဒီနေ့ကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဟာ အလွန်ကောင်းမွန်တဲ့ ပွဲတော်ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူများအနေနဲ့ ကျောင်းစာအပြင်ကို ပြင်ပဗဟုသုတ တွေဖြစ်တဲ့ သုတ/ရသ အစုံကို ဖတ်ကြဖို့လိုပါတယ်။ ဒီနေ့ စာအုပ်စာစောင်ပြခန်းနဲ့ စာအုပ်အရောင်းဆိုင်တွေကို ပိုပြီးလေ့လာဖြစ်ပါတယ် ကိုယ့်အတွက်လည်း စာအုပ်တွေဝယ်ခဲ့သလို့ အတန်းအတွက်လည်း စာအုပ်တွေဝယ်ခဲ့ပါတယ်။ ဒီပွဲတော်ကို များများဖြစ်စေချင်ပါတယ် ကျွန်တော့ကိုယ်တွေ့အနေနဲ့ မြို့နယ်အတွင်းက သူငယ်ချင်းတွေ အများကြီးနဲ့ အတူတူစုစုစည်းစည်းနဲ့ လေ့လာခွင့်ရတယ် လက်လှမ်းမမီတဲ့ စာပေတွေလဲ ဖတ်ခွင့်ရတဲ့အတွက် သားတို့အတွက်အများကြီး အသိအမြင်တိုးစေတယ်လို ထင်ပါတယ် ဒါကြောင့် နောက်နှစ်တွေမှာလည်း ဒီလိုပွဲတော်မျိုးကျင်းပစေလိုပါတယ်-
အမည်- နှင်းယုလွင်
Grade(12)၊ (ချောင်းဆုံ)အခြေခံပညာအထက်တန်းကျောင်း၊ ချောင်းဆုံမြို့နယ်
အခု စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယခင်က မော်လမြိုင်မှာ နှစ်ကြိမ်ပါဝင်ခဲ့ဘူးပါတယ် အခု သမီးတို့ရဲ့ကျောင်းမှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လာရောက်ပြီးတော့ ကျင်းပပေးတဲ့အတွက် ပထမဆုံး ကျွန်မအနေနဲ့ အများကြီးဝမ်းသာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုပွဲတော်ကို ကျွန်မတို့ကျောင်းမှာ လာလုပ်တဲ့အတွက် ကလေးတွေဟာ အသိပညာဗဟုသုတတွေ ကြွယ်ဝလာမယ်။ စာပေမြင့်မှ လူမျိုးတင့်မည်ဆိုတဲ့အတိုင်း စာများများဖတ်ပြီး အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်မှာဖြစ်ပါတယ်။ စာပေကနေတဆင့် ကိုယ်မသိတဲ့ ကမ္ဘာ့ရေးရာ မြန်မာ့ရေးရာ ကိစ္စတွေကိုသိရတယ်။ အဲ့ဒါကြောင့် စာအုပ်အရောင်းဆိုင်က သူငယ်ချင်းတွေစုပြီး စာအုပ်တွေဝယ်ဖြစ်တယ်။ ဒါကြောင့် ဒီလိုပွဲတော်တွေကို ခဏခဏဖြစ်စေချင်ပါတယ် ဘာဖြစ်လိုလဲဆိုတော့ ကျောင်းသားတွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းတွေကို ထုတ်ပြခွင့်ရတယ် ကိုယ်သိချင်တဲ့အကြောင်းအရာတွေကို သိခွင့်ရတဲ့အတွက် ဒီလိုပွဲမျိုးကို နှစ်စဉ်နှစ်တိုင်းလုပ်ပေးစေချင်ပါတယ်။
ကိုကျော်(ချောင်းဆုံ)