မော်လမြိုင် သြဂုတ် ၂၆
စပါးသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ထွက်ရှိရေး၊ ဒေသဆန်ရိက္ခာဖူလုံရေးအတွက် မြို့နယ်အလိုက် ရေတိုရေရှည်စီမံကိန်းများ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးဧကများအပေါ် မျိုးစပါးထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စိုက်ပျိုးရေးကို အခြေခံတဲ့ ပြည်နယ်ဖြစ်သည်အညီ ပြည်နယ်အတွင်း စပါး၊ ရော်ဘာနဲ့ ဥယျာဉ်ခြံသီးနှံများကို အဓိကစိုက်ပျိုးထုတ်လုပ်လျှက်ရှိပါကြောင်း၊ မွန်ပြည်နယ်ရဲ့ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိစေရေးအတွက် သွင်းအားစုများဖြစ်တဲ့ ယူရီးယားဓါတ်မြေဩဇာနဲ့ ရွှေဇီဝသဘာဝဇီဝမြေဩဇာများကိုလည်း ပြည်နယ်အစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ အကြိမ်ရေအလိုက်၊ လအလိုက် ဈေးနှုန်းချိုသာစွာဖြင့် တောင်သူများထံ ရောင်းချပေးလျက်ရှိပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်ရေးသာမက အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်များ ထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးစေရန် အဖက်ဖက်က ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့မှ ကျိုက်မရောမြို့နယ်၊ ပေါင်မြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့အား မျိုးစပါးများထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်ကိုယ်စားလှယ်တောင်သူများက လက်ခံရယူကြပြီး ရေကြီးနစ်မြုပ်ပျက်စီးသွားသော စပါးစိုက်တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသော တောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ခန်းမအတွင်း ခင်းကျင်းပြသထားသော သဘာဝဓာတ်မြေသြဇာနှင့် မျိုးစပါးများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
မွန်ပြည်နယ်အနေဖြင့် ဆန်စပါးဖူလုံမှုအနေဖြင့် (၁၃၅.၄၉%) ရှိရာမှ ယခုနှစ်တွင် (၁၄၀.၀၈%) ရရှိအောင် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရန်အတွက် ဒုတိယသီးနှံများဖြစ်တဲ့ နွေစပါး (၄၅၉၀၅) ဧက၊ ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲသီးနှံ (၂၇၄၅၆) ဧက၊ နှမ်းသီးနှံ (၁၅၃၂) ဧက၊ နေကြာ သီးနှံ (၁၈၃၅၂) ဧက၊ ပဲမျိုးစုံသီးနှံ (၆၈၃၀၂) ဧကစိုက်ပျိုးရန် လျာထားကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)