ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသို့ ဘုရားဖူးလေ့လာရေးရောက်ဖြစ်ခဲ့ပါက ပုဂံရှေးဟောင်း သုတေသန ပြတိုက်အတွင်းရှိ အေဒီ ၁၂ ရာစု ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူခန်းပုံတော်ကို ဖူးမြော် လေ့လာနိုင်

ညောင်ဦး  ဩဂုတ် ၂၆                            

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေးဘုရား ဖူးလာရောက်ခဲ့ပါက ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှိ အေဒီ ၁၂ ရာစု ၊ဗုဒ္ဓ ပရိနိဗ္ဗာန်စံတော်မူခန်း သဲကျောက်တုံးအား ထွင်းထုကိုးကွယ်ထားသည့် ပုံတော်ကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြသထားသည့် အေဒီ ၁၂ ရာစု၊ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူခန်း ပုံတော်သည် အမြင့် ၉၀.၂ စင်တီမီတာ၊ ဗြက် ၁၃၀.၆ စင်တီမီတာ၊ ထု ၃၁ စင်တီမီတာရှိပြီး မြင်းကပါဂူပြောက်ငယ်ဘုရားအတွင်းမှ ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ပြောင်းရွေ့ ပြသအပူဇော်ခံထားရှိကြောင်း သိရသည်။ ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူခန်းပုံ တော်တွင် မြတ်စွာဘုရားရှင်သည် (၄၅)ဝါပတ်လုံး ၊လူ၊ နတ်၊ ဗြဟ္မာသတ္တဝါအပေါင်းတို့အား တရားဟောတော်မူပြီးလျှင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်အတွင်း၌ သလွန်ပေါ်တွင် လဲလျောင်းပြီး မြောက်အရပ်သို့ ခေါင်းပြုကာ ပရိနိဗ္ဗာန်စံတော်မူဟန်ထု ဆစ်ထားသည်။ ဒေါနပုဏ္ဏားသည် မြတ်စွာဘုရား၏ ဓာတ်တော်၊ မွေတော်များကို ကိုးကွယ် ရန်တောင်းခံလာကြသော ခုနှစ်ပြည်ထောင်မင်းတို့ကို ခွဲဝေပေးဟန်ထုဆစ်ထားသည်ကို ဖူးမြော်လေ့လာနိုင်ကြောင်း သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးထဲတွင် အထူးပင်မပြခန်း၊ ပုဂံခေတ်ဗိသုကာပြခန်း၊ ပုဂံခေတ်လက်မှုအနုပညာပြခန်း၊ ပုဂံခေတ်နန်းမြို့ရိုးပြခန်း၊ ပုဂံခေတ်စာပေပြခန်း၊ ပုဂံခေတ်လူနေမှုဘဝပြခန်း၊ ပုဂံခေတ်ဗုဒ္ဓအနုပညာပြခန်း၊ ပုဂံခေတ်ဗုဒ္ဓဆင်းတုတော်များပြခန်း၊ ပုဂံခေတ်ဘုရားပုထိုးပန်းချီပြခန်းနှင့် ပုဂံခေတ်နံရံဆေးရေး ပန်းချီပြခန်း စသည် ဖြင့် ပြခန်း(၁၀) ခန်း ခင်းကျင်းပြသထားကြောင်း သိရသည်။

ဒီပါလင်း