စစ်တွေ ဩဂုတ် ၂၆
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များသို့ မိမိတို့ဌာန၊ အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းကို ပြုစုတင်ပြရန် အကြောင်းကြားလာကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ မိမိတို့ ရခိုင်ပြည်နယ်အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်ချက်များကို ပြည့်ပြည့်စုံစုံ ထည့်သွင်းပြုစုတင်ပြနိုင်ရေးအတွက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းပြုစုရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများကို သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၏ဥက္ကဋ္ဌအနေဖြင့်လည်းကောင်း၊ ဌာနဆိုင်ရာများမှလည်း အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု ပုံရိပ်ကောင်းကို မှတ်တမ်းမှတ်ရာအဖြစ် ကျန်ရှိနေမည့် အထောက်အထားပြယုဂ်တစ်ခုဖြစ်သောကြောင့် ပြီးစလွယ်ဆောင်ရွက်ခြင်းများမဖြစ်အောင် ယခုကဲ့သို့ ကော်မတီများဖြင့် အလေးထားဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းပြုစုတင်ပြနိုင်ရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ် ထားသည့် လုပ်ငန်းကော်မတီများအနေဖြင့် လစ်ဟမှုမရှိစေရေး ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းတာဝန်များနှင့် အခြားဖြည့်စွက်ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များအား အသေးစိတ်ဆွေးနွေးတင်ပြစေလိုပါကြောင်း၊ အခြားပါဝင်သင့်သည့် အချက်များအားလည်း ထည့်သွင်းရေးဆွဲပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းပြုစုရေးစာတည်း အဖွဲ့ခေါင်းဆောင် ပြည်နယ်ဥပဒေချုပ်က မှတ်တမ်းပြုစုနိုင်ရေးအတွက် ဆောင်ရွက်ရမည့်အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးများက ကော်မတီဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။
တင်ထွန်း (ပြန်/ဆက်)