လှည်းကူး သြဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဖောင်ကြီး(အနောက်)တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဖောင်ကြီး(အနောက်)၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီးနောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အားကစားပညာအကြောင်း အသိပညာပေးပြောကြားပြီး အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမူက လက်ခံရယူသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးနွဲ့နှင့် အ.ထ.က(ခွဲ) ဖောင်ကြီး(အနောက်)မှ အထက်တန်းပြဆရာမ ဒေါ်ချိုချိုမာတို့က ညှိနှိုင်းရေးမှူး (Moderator) အဖြစ် ဆောင်ရွက်၍ အ.ထ.က(ခွဲ) ဖောင်ကြီး (အနောက်) မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်နှင့်အားကစား စသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးပြောကြားခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး အ.ထ.က(ခွဲ) ဖောင်ကြီး(အနောက်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမူက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် သုတ/ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)