မိုးညှင်း နိုဝင်ဘာ ၂၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်မှစ၍ မြို့နယ်အတွင်းရှိ ကျေးရွာဘဏ် ၃ ခုမှ ဆောင်းသီးနှံ စိုက်ပျိုးမည့် တောင်သူ ၁၁၆ ဦး၏ စိုက်ဧကပေါင်း ၆၉၇ အတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ (၁)ဧကငွေကျပ် (၁)သိန်းနှုန်းဖြင့် စတင်ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါချေးငွေများ ထုတ်ချေးရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရန် ကျေးရွာဘဏ် ၃ ခုကို အသုတ်(၃)သုတ်ခွဲ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ဒီဇင်ဘာလ အကုန်တွင် အပြီးထုတ်ချေးရန် လျာထားပြီး မြို့နယ်တစ်ခုလုံး အတိုင်းအတာအရ ကျေးရွာဘဏ် ၁၅ခုရှိ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူပေါင်း ၁၈၇၂ ဦး၏ စိုက်ဧကပေါင်း ၁၃၁၉၁ အတွက် ငွေကျပ် သိန်းပေါင်း ၁၃၁၉၁ သိန်းထုတ်ချေးရန် လျာထားကြောင်းနှင့် ယမန်နှစ်ဆောင်းသီးနှံချေးငွေကို ကျေးရွာဘဏ် ၁၄ ခုမှ တောင်သူ ၁၇၆၇ ဦး၏ စိုက်ဧကပေါင်း ၁၁၃၄၆ အတွက် ငွေကျပ်သိန်းပေါင်း ၁၁၃၄၆ ကို ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မိုးညှင်းဘဏ်ခွဲမှ မန်နေဂျာ ဦးအောင်စိုးဦး ထံမှသိရသည်။
ယခုထုတ်ချေးပေးလျက်ရှိသည့် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူတစ်ဦးချင်းကိုယ်တိုင် အာမခံသော စနစ်ဖြင့် ပုံစံ(၇)မူရင်းကို ဘဏ်သို့အပေါင်အဖြစ်ထားရှိပြီး ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် အတိုးနှုန်းမှာတစ်နှစ်လျှင် ၅ ရာခိုင်နှုန်းသတ်မှတ် ကောက်ခံသွားမည်ဖြစ်ကာ ချေးငွေများအား ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပြန်ဆပ်ရမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)