ကျိုက်မရော သြဂုတ် ၂၆
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်အပေါ်ရွာရှိ ဒေသခံတောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး သီးပင်စားပင်များ၊ မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်ပင်များကို ရာသီအလိုက်စိုက်ပျိုးရောင်းချလျက်ရှိကြပြီး ထိုသို့စိုက်ပျိုးရာတွင် အရင်းအနှီးကုန်ကျစရိတ်သက်သာ၍ ဝင်ငွေရရှိလွယ်သော မီးဖိုချောင်သုံးဟင်းရွက်ဖြစ်သည့် ကင်ပွန်းချဉ်ရွက်ကို ယခုနှစ်မိုးရာသီ၌ စီးပွားဖြစ်အများအပြားစိုက်ပျိုးထားကြရာ တောင်သူများအနေဖြင့် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကင်ပွန်းချဥ်ရွက်အပင်ကို ကုန်းမြေများပေါ်၌စိုက်ပျိုးကြပြီး ကိုင်းဆက်မျိုးနှင့် စီတန်းစိုက်ပြီး အစေ့ကနေအပင်ပျိုး၍လည်း စိုက်ပျိုးနိုင်ကြောင်း စိုက်ပေါင်စနစ်ဖြင့်စိုက်ပျိုးကာ မေလနှင့်ဇွန်လ၊ ဆောင်းရာသီတွင် အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးပြီး ကင်ပွန်းချဥ်ပင်ကို မည်သည့်မြေအမျိုးအစားမဆို စိုက်ပျိုးနိုင်ပြီး အပင်ရှင်သန်ကြီးထွားစေရန်အတွက် အပင်အောက်တွင်ပေါက်လေ့ရှိသော ပေါင်းမြက်ပင်များအားရှင်းလင်းပေးခြင်း သဘာဝမြေသြဇာဖြစ်သည့် နွားချေးမြေသြဇာများကိုထည့်ပေးရကြောင်း စိုက်ပြီးတစ်နှစ်ခွဲအကြာတွင် ကင်ပွန်းချဥ်ရွက်အနုလေးများစတင်ထွက်ရှိကာ ခူး၍ရောင်းချနိုင်ပြီးဖြစ်ကြောင်း မြေတစ်ဧကခန့်တွင် အပင်ပေါင်း ၄၀ ခန့် စိုက်ပျိုးနိုင်၍ တစ်ပင်နှင့်တစ်ပင်ကို ခြောက်ပေခန့်ခြားပြီး စိုက်ပျိုးရကြောင်း သိရသည်။
ယခုချိန်၌ ကင်မွန်းချဥ်ရွက်တစ်စီးကို ၃၀၀ ကျပ်ရပြီး တစ်ကြိမ်ခူးလျှင် အစည်းရေတစ်ရာကျော်ခန့်ရသဖြင့် ဝင်ငွေတိုးပြီး တစ်လကို နှစ်ကြိမ်၊ သုံးကြိမ်ခန့်ခူး၍ရသဖြင့် လစဥ်မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း ကလိုင်းကနိုင်အပေါ်ရွာမှ ကင်ပွန်းချဥ်ရွက် စီးပွားဖြစ်စိုက်ပျိုးသူ ဦးခင်မောင်ကပြောသည်။
ကင်ပွန်းချဥ်ရွက်ကို အိမ်ထောင်ရှင်မတိုင်းကြိုက်နှစ်သက်ပြီး မြန်မာတို့၏ထမင်းဝိုင်းတွင် ဟင်းချိုအဖြစ်လည်းကောင်း၊ ပုဇွန်နှင့်ရော၍ ကန်မွန်းချဥ်ကြော်အဖြစ်လည်းကောင်း ချက်ပြုတ်ကြပြီး ဝမ်းချုပ်တတ်သူများအနေဖြင့် ကင်ပွန်းချဥ်ရွက်ကို ဟင်းချိုချက်သောက်ခြင်းဖြင့် ဝမ်းနူးစေ၍ ဆေးဖက်ဝင်ဟင်းရွက်အမျိုးအစားဖြစ်ကာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများသော ကင်မွန်းချဥ်ရွက်ပင်ကို လူတိုင်းစိုက်ပျိုးသင့်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)