မဟာဂန္ဓာရုံကျောင်းတိုက်တွင် နွမ်းပါးသူများကို ဆန်နှင့် ငွေသားများလှူဒါန်း

ဒဂုံမြောက် သြဂုတ် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၂)  ရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်တွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက မဟာဂန္ဓာရုံဆရာတော်အမှူးပြု၍ ကိုးရီးယားဗုဒ္ဓဘာသာအဖွဲ့က နွမ်းပါးပြည်သူ  (၅၀၀) ဦးအား ဆန်နှင့် ငွေသားများကို အဋ္ဌမအကြိမ်မြောက် လှူဒါန်းခဲ့‌ကြောင်း သိရသည်။

လှူဒါန်းမှုမစတင်မီ မဟာဂန္ဓာရုံကျောင်းတိုက် ဦးစီးပဓာနနာယက မြို့နယ်သံဃနာယကဥက္ကဋ္ဌ( ရွှေကျင်)၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ ၊ သာမဏေကျော်၊ စေတိယင်္ဂဏ ဓမ္မာစရိယ ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ ပိဋကတ်တစ်ပုံဆောင် ဘဒ္ဒန္တ ဥတ္တမာဘိဝံသ ထံမှ ပြည်သူ ၅၀၀ ဦးတို့က ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်က သြဝါဒကထာ မြွက်ကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ဆန်နှင့် ငွေသားများ လှူဒါန်းခြင်းကို မဟာဂန္ဓာရုံဆရာတော်အမှူးပြု၍ ကိုးရီးယားဗုဒ္ဓဘာသာ အဖွဲ့ ကိုယ်စား အလှူရှင်များက အိမ်ထောင်စု (၅၀၀) အား အိမ်ထောင်စုတစ်စုလျှင် ပေါ်ဆန်းမွှေးဆန် ၃ ပြည်စီ နှင့် ငွေကျပ် ၂၀၀၀ ကို လှူဒါန်းခဲ့ကြသည်။ အဆိုပါ လှူဒါန်းမှုတွင် မဟာဂန္ဓာရုံဆရာတော် လှူဒါန်းသော  အလှူငွေကျပ် (၅) သိန်းအပါအဝင် ကိုးရီးယားဗုဒ္ဓဘာသာအဖွဲ့မှ ပေါ်ဆန်းမွှေးဆန် ပြည်ပေါင်း ( ၅၀၀) အတွက်တန်ဖိုး ငွေကျပ်  ၇၅၆၀၀၀၀/- ငွေသားကျပ် (၁၅) သိန်း၊ စုစုပေါင်း ငွေကျပ်  ၉၀၆၀၀၀၀/- ( သိန်းကိုးဆယ် ခြောက်သောင်း) ကို လှူဒါန်းခဲ့ကြသည်။

နွမ်းပါးပြည်သူများကို ဆရာတော်နှင့် ကိုးရီးယားဗုဒ္ဓဘာသာအဖွဲ့က  တစ်နှစ်တစ်ကြိမ် လှူဒါန်းခဲ့ရာ ယခု အကြိမ် အပါအဝင် အဋ္ဌမအကြိမ်ရှိပြီဖြစ်‌ကြောင်း၊  နိုင်ငံအတွင်း နွမ်းပါးပြည်သူတွေကိုလည်း တစ်လ ငွေသိန်း (၃၀) လှူဒါန်းမှုမှာ ယခုအကြိမ်အပါအဝင် အကြိမ် ၃၀ ရှိပြီဖြစ်ကြောင်းနှင့်  သြဂုတ် ၄ ရက်နေ့ တွင်လည်း ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်ရှိ ပြည်သူများအတွက် ငွေကျပ် သိန်း (၆၀) လှူဒါန်းခဲ့ကြောင်း  တို့ကို မဟာဂန္ဓာရုံဆရာတော်၏ မြွက်ကြားချက်အရ သိရှိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)