ကျောက်တံတား ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ပူးပေါင်းကျင်းပသော “ဆေးလိပ်ဆေးရွက်ကြီးလွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၆)ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးခန့် ပါ၀င်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲ၀င်ကျောင်းသား၊ ကျောင်းသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုနှင့်ပတ်သက်သည့် အသိပညာပေးပိုစတာများအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ ဆေးလိပ်ဆေးရွက်ကြီး သောက်သုံးမှုမရှိစေရန်အတွက်ရည်ရွယ်ကာ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဖြင့်ပူးပေါင်း၍ “ဆေးလိပ်ဆေးရွက်ကြီး လွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ်တို့လူငယ်” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကိုကျင်းပပေးခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား စက်တင်ဘာလပထမပတ်တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မေနန်း (ပြန်/ဆက်)