ပုဇွန်တောင် ဩဂုတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဟန်စုယဉ်က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောရာတွင် ယနေ့လူငယ်များသည် နောင်တစ်ချိန် နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းထမ်းဆောင်ရမည်ဖြစ်သည့်အတွက် ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန် သုတရသစာပေများကို ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း စာဖတ်ခြင်းဖြင့် အမှားအမှန်အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာမ မေမြတ်စန္ဒာနှင့်မေ(ရန်ကုန်)တို့မှ ကျောင်းသားလူငယ်များကို အသိပညာအတတ်ပညာတိုးပွားစေနိုင်ရေးအတွက် စာဖတ်ကြစေရန် အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်