ကျောက်ဆည်မြို့နယ် စပါယ်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ Steel Structure တစ်ထပ်စာသင်ကျောင်းဆောင်အသစ် (၁) ဆောင် ဆောက်လုပ်ပေးသွားမည်

ကျောက်ဆည် ဩဂုတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ စပါယ်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး (၅၆x၃၂x၁၂)ပေ အန္တရာယ်ရှိ စာသင်ကျောင်းဆောင်တစ်ဆောင်အား ဖျက်သိမ်းပြီး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် Steel Structure  စာသင်ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စပါယ်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်းသည် ၁၉၇၈ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းဖွင့်ချိန်က စတင်ဆောက်လုပ်ခဲ့သည့် (၅၆x၃၂x၁၂)ပေ စာသင်ကျောင်းဆောင်သည် နှစ်ကာလကြာမြင့်၍ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ စာပေသင်သင်ကြားရာ၌ အသုံးပြုသည့်အခါ အန္တရာယ်ဖြစ်နိုင်သည့်အတွက် နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ(၃၁၇.၂၄၇)ကျပ်သန်း အကုန်အကျခံကာ Steel Structure  စာသင်ကျောင်းဆောင်အသစ်(၁)ဆောင် အစားထိုးဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရကာ စပါယ်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် KG တန်း၌ ကျောင်းသား/ကျောင်းသူ (၁၆)ဦး၊ Grade-1 အတန်း၌ (၃၂)ဦး၊ Grade-2 အတန်း၌ (၃၈)ဦး၊ Grade-3 အတန်း၌(၃၆)ဦး၊ Grade-4 အတန်း၌(၁၅)ဦး၊ Grade-5 အတန်း၌(၂၃)ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၁၆၀)ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်)