ရန်ကုန် ဩဂုတ် ၂၆
နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု၊ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ သီတဂူမျက်စိအထူးကုအဖွဲ့၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမများက ခေတ်မီစမ်းသပ်စစ်ဆေးသော စက်ကြီးများဖြင့် သတ္တမအကြိမ်မြောက်အခမဲ့စမ်းသပ်၊ စစ်ဆေးခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ အခမဲ့စမ်းသပ်၊ ခွဲစိတ်ခြင်းများကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပင်လုံလမ်းရှိသီတဂူဆေးရုံးတော်၊ ကိုးထပ်ကျောင်းဆောင်၌ ဩဂုတ်၂၃ ရက်မှ ၂၇ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်က မျက်စိဝေဒနာရှင်များက သီတဂူမျက်စိဆေးရုံတော်သို့ လာရောက်ပြသလျက်ရှိသည်။
ယင်းသို့အခမဲ့၊ စမ်းသပ်၊ ခွဲစိတ်ခြင်းများဆောင်ရွက်ရာ ဩဂုတ်လ ၂၃ ရက်နေ့တွင် မျက်စိစမ်းသပ် စစ်ဆေးခြင်းများဆောင်ရွက်ပြီး ဩဂုတ်လ ၂၄ ရက်နေ့တွင် မျက်စိဝေဒနာရှင် (၉၂)ဦးနှင့် ဩဂုတ်လ ၂၅၊ ၂၆ ရက်တို့တွင် ခွဲစိပ်ပြီး အမြင်အလှူပေးနိုင်ခဲ့သည့် မျက်စိဝေဒနာရှင်များကို ဩဂုတ် ၃၁ ရက်နေ့တွင် အမြင်ပြန်လည်စမ်းသပ်စစ်ဆေးပေးသွားမည် ဖြစ်သည်။ ယင်းအပြင် (၈)ကြိမ်မြောက်တွင် မျက်စိအခမဲ့စမ်းသပ်၊ စစ်ဆေးခွဲစိတ်ကုသမှုများကို ခံယူလိုသည့် မျက်စိဝေဒနာရှင်များအနေဖြင့်လည်း စက်တင်ဘာလပထမပတ်တွင် စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။
သီတဂူဆရာတော်ကြီးသည် ၁၉၉၀ပြည့်နှစ် မတ်လ(၁၀)ရက်နေ့တွင် စစ်ကိုင်းတောင်ရိုး၌ သီတဂူအာယုဒါနဆေးရုံတော်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုခါတွင် သီတဂူဆေးရုံတော်များကို တိုင်းနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ပေးခဲ့ရာ ဆေးရုံတော်ပေါင်း (၄၄)ရုံထိ ဖွင့်လှစ်ခဲ့ပြီး မျက်စိဝေဒနာရှင်ပေါင်း(၂)သန်းကျော်ကို ကြည့်ရှုပေးခဲ့ပြီး(၅)သိန်းခန့်ကို မျက်စိအလင်းအလှူပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်