ကလော ဩဂုတ် ၂၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၆ နာရီက ကလောချောင်းရေလျှံမှုဖြစ်ပွားခဲ့ပြီး ယမန်နေ့ မနက်ပိုင်းမှစ၍ ကလောချောင်းရေများ ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။
မိုးရွာသွန်းမှုလျော့နည်းလာသည့်အတွက် ကလောချောင်းဘေးရှိ အမှတ်(၂)၊ အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်ရှိ ချောင်းဘေးတို့တွင် နေထိုင်သည့် ဒေသခံပြည်သူအိမ်များ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ကလောစျေးရောင်းချသည့်နေရာတွင်လည်း ချောင်းရေများ ပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။
ကလောချောင်းရေလျှံခြင်းသည် မိုးများသည့်အခါမျိုးတွင် တောင်ကျရေများစီးဝင်မှုကြောင့် ချောင်းရေလျှံမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ကလောချောင်းရေသည် အတက်မြန်၊ အကျမြန်သောကြောင့် မိုးအဆက်မပြက်ရွာခဲ့လျှင် ချောင်းရေလျှံခြင်းမျိုး မကြာခဏဖြစ်တတ်ကြောင်း၊ ယခုဩဂုတ်လတွင်း ချောင်းရေလျှံမှု (သုံးကြိမ်)ဖြစ်ပွားခဲ့ကြောင်း ကလောချောင်းအနီးတွင်နေသော ဒေသခံများဆီမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)