ကျောက်ဆည် ဩဂုတ်၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဒေသအတွင်းဆန်စပါးဖူလုံပိုလျှံရေး နွေစပါး၊ မိုးစပါးများကို စီမံကိန်းသီးနှံအဖြစ်သတ်မှတ်ပြီး ဆည်ရေ၊ မိုးရေ၊ မြေအောက်ရေ (စက်ရေတွင်း)ဖြင့် တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မိုးစပါး(၄၁၉၀၄)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မိုးစပါးသီးနှံများလျာထားစိုက်ပျိုးရာတွင် မင်းရဲစိုက်ပျိုးရေမြောင်းရေဖြင့်(၂၅၉၄)ဧက၊ သင်းတွဲစိုက်ပျိုးရေမြောင်းဖြင့် (၇၀၆၂)ဧက၊ ငပြောင်စိုက်ပျိုးရေမြောင်းဖြင့် (၃၄၅၈)ဧက၊ ဇီးတောစိုက်ပျိုးရေမြောင်းရေဖြင့် (၈၁၆)ဧက၊ နွားတက်စိုက်ပျိုးရေမြောင်းရေဖြင့် (၁၅၈၂၁) ဧက၊ တမုတ်စိုက်ပျိုးရေမြောင်းရေဖြင့် (၅၄၆၀)ဧက၊ အထက်လင်းဇင်းမြောင်းရေဖြင့်(၈၁၃)ဧက၊ သင်းဒီးစိုက်ပျိုးရေမြောင်းရေဖြင့် (၅၉၁၀) ဧက စုစုပေါင်း(၄၁၉၀၄)ဧက လျာထားစိုက်ပျိုးထားကြောင်း သိရသည်။
မိုးစပါးစိုက်ခင်းများစိုက်ပျိုးရာတွင် ဒေသအလိုက် ပျိုးထောင်စိုက်ပျိုးခြင်း၊ အစေ့တိုက်ရိုက်ချ စိုက်ပျိုးခြင်း နည်းစနစ်များဖြင့် အမျိုးမျိုးစိုက်ပျိုးကြကြောင်းနှင့် လျာထားစိုက်ဧက ပြည့်မီကျော်လွန်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့်မျိုးစေ့များ ဖြန့်ဝေပေးခြင်း၊ စိုက်နည်းစနစ်များ ကူညီဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှလည်း မိုးစပါးများ အချိန်မီပြီးစီးရေး ကောက်စိုက်စက်များ၊ မျိုးစေ့ချကိရိယာများဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)