မူဆယ်မြို့၌ ကျောင်းပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ပြုလုပ်

မူဆယ် ဩဂုတ် ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ပြည်ထောင်စုအားကစားကွင်း၌ ကျောင်းပေါင်းစုံအသက်(၁၉)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ(၃)နာရီက ပြုလုပ်သည်။

ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲဖွင့်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက ကျောင်းသား/သူများအားလုံး အားကစားကို ပိုမိုစိတ်ဝင်စားမှု ရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး တစ်ကျောင်းနှင့်တစ်ကျောင်း အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိလာစေရန် အားကစားကို စိတ်ပါဝင်စား လိုက်စားလာစေပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့်အရာများ သုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်၊ အားကစားကို လိုက်စားခြင်းဖြင့် ထူးချွန်ထက်မြက်သည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်မည့် လက်ရွေးစင် အားကစားသမားများပေါ်ထွက်လာစေရန် ကျင်းပခြင်းဖြစ်ကြောင်း” ပြောကြားသည်။ ဆက်လက်ပြီး ခရိုင်ပညာရေးတာဝန်ခံ ဦးအောင်ကိုက ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး၊ အားကစားစိတ်ဓါတ်ဖြင့်ကစားကြရန် အားကစားသမားများအား မှာကြားသည်။ ထို့နောက် အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက် ရွက်ဆိုသည်။ ထို့ပြင် ခရိုင်အုပ်ချုပ်ရေးမှူးက အားကစားသမားများအား ကွင်းအတွင်းလိုက်လံ နှုတ်ဆက်သည်။ အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် အမျိုးသားအသင်း(၉)သင်း၊ အမျိုးသမီးအသင်း (၆)သင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယနေ့တွင် အ.ထ.က(၂)အမျိုးသားအသင်းနှင့် အောင်ကိုယ်ပိုင်ကျောင်း အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရှိရ ပါသည်။

ချယ်ရီမြေ(မူဆယ်)