သထုံမြို့နယ်၌ မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း မြေစိုက်ပိုစတာစိုက်ထူခြင်းများဆောင်ရွက်

သထုံ ဩဂုတ် ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေး ပညာပေးမြေစိုက် ပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်း အသိပညာ‌ပေးဆွေးနွေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများဦးဆောင်၍ တက်ရောက်လာသူတို့က သထုံမြို့၊ သုဝဏ္ဏဈေးအရှေ့၌ မျောက်ကျောက်ရောဂါကာကွယ်ရေး နှိုးဆော်ချက် မြေစိုက်ပိုစတာအား စုပေါင်းစိုက်ထူကာ ပြည်သူများထံ ပညာပေးလက်ကမ်းစာစောင်များအား ဝေငှပေးခဲ့ကြသည်။

ယင်းနောက် သထုံခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ အသိပညာပေးဆွေးနွေးပွဲအားကျင်းပရာ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မျောက်ကျောက်ရောဂါသည် အိမ်နီးချင်းနိုင်ငံများ၌ ဖြစ်ပွားနေသည်ကိုတွေ့မြင်နေရသောကြောင့် ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဂရုပြုကြပ်မတ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြည်သူများအနေဖြင့် မိမိတို့ဝန်းကျင်၌ ရောဂါသံသယရှိသူများ တွေ့ရှိပါက ကျန်းမာရေးဌာနသို့သတင်းပေးပို့ပြသခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက မျောက်ကျောက်ရောဂါ ကူးစက်နိုင်‌ဖွယ်ရှိသည့်နည်းလမ်းများ၊ ရောဂါပျိုးရက်၊ သံသယဖြစ်ပွားဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများစသည်တို့ကို အသိပညာပေးဆွေးနွေးရာ တက်ရောက်လာသူတို့က သိလိုသည်တို့ကို မေးမြန်းခဲ့ကြသည်။

အဆိုပါ အသိပညာပေးလှုပ်ရှားမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာ ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးပရဟိတအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်