ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တာမွေ  ဩဂုတ် 

ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်နှင့် ဒဂုံမြို့သစ်ခရိုင်တို့၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သင်္ဃန်းကျွန်းခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၀၂၄-ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ သင်္ဃန်းကျွန်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကို၊ အကအကဲဖြတ်ပညာရှင် ဦးတင်ဦးလေးနှင့် ဒေါ်နွဲ့နွဲ့စန်းတို့မှ ပြိုင်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်၍ ဂုဏ်ပြုဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ မဟာရန်ကုန် အောင်စည်မိုး၏သား မောင်ထက်ဝေယံမှ ဆိုင်းလက်စွမ်းပြ တီးခတ်၍လည်းကောင်း၊ တေးသံရှင်နန်းအိချိုမှ ပဉ္စသိင်္ခသီချင်းဖြင့်လည်းကောင်း၊ နိုင်ငံတော် ရွှေတံဆိပ်ဆုများရှင် စိန်အေးမြင့်မှ ဇော်ဂျီရုပ်သေးအကဖြင့်လည်းကောင်း၊ ရန်ကင်းပညာ ရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ ကျောင်းသူများက  သွေးချင်းတို့မြေ သီချင်းဖြင့်လည်းကောင်း အသီးသီး ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများသည် ဖျော်ဖြေရေးအဖွဲ့များနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပြိုင်ပွဲများကို ဝါသနာရှင် (ပထမတန်းအဆင့်)နှင့် (ဒုတိယတန်းအဆင့်)ဟူ၍ ကျင်းပပြုလုပ်ခဲ့ရာ မဟာဂီတ၊ ခေတ်ဟောင်း/ကာလပေါ်၊ အမျိုး ဂုဏ်/ဇာတိဂုဏ်၊ မင်းသား/မင်းသမီးအက၊ ရုပ်သေးကြိုးဆွဲ အက၊ တေးသီချင်းများရေးသားခြင်း၊ စောင်း/စန္ဒယား/ပတ္တလား/နှဲ/ပလွေ/ တယော/ မယ်ဒလင်/ ဂီတာ တီးမှုတ်ခြင်း၊ ဆိုင်းတစ်ဦးချင်းနှင့် ဒိုးပတ်အဖွဲ့လိုက် တီးခတ်ခြင်း စသည်ဖြင့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် သင်္ဃန်းကျွန်းခရိုင်နှင့် ဒဂုံမြို့သစ်ခရိုင်တို့မှ ဝါသနာရှင်ပြိုင်ပွဲဝင် ပေါင်းများစွာ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်ပြီး ညနေပိုင်းအချိန်တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲတွင် ထူးချွန်ဆု ရရှိကြသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အတီးပြိုင်ပွဲဝါသနာရှင် (ဒုတိယတန်းအဆင့်) ပြိုင်ပွဲတွင် အထူးဆုရရှိသော သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် ဦးသန့်ဇင်ဝင်း ဒိုးပတ်အဖွဲ့မှ တက်ရောက်လာကြသူများအား ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲတွင် ဆုတံဆိပ်အများဆုံးရရှိသော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အား  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က တံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ၂၀၂၄-ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်)ပြိုင်ပွဲတွင် ပထမဆု (၂၀)ဆု၊ ဒုတိယဆု (၂၀)ဆု၊ တတိယဆု(၁၅)ဆု၊ အထူးဆု(၁၄)ဆု စုစုပေါင်း ထူးချွန်ဆု(၆၉)ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မတိမ်ကောမပပျောက်စေရေးနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုများအား သားစဉ် မြေးဆက် အမြတ်တနိုး တန်ဖိုးထားတတ်စေရန်အတွက် ရည်ရွယ်ပြီး အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)