သာစည်မြို့နယ် ယင်းမာပင်အထက၌ ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့်၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်

သာစည် ဩဂုတ် ၂၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ယင်းမာပင်အထက၌ ရွှေယင်းမာ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပွဲ အခမ်းအနားကိုယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်၊ မြို့နယ်ပညာရေးမှူး ဦးလှထွန်း၊ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်စိုး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးဝင်းဗိုလ်နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ရွှေတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ဆက်လက်ပြီးအခမ်းအနားကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးက ပညာရေးနှင့်ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ထို့နောက်တာဝန်ရှိသူများက ကျေးဇူး တင်စကားပြောကြားပြီး ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ထူးထွက်ရှိအောင် သင်ကြားပြသပေးသော ဆရာ၊ ဆရာမများ၊ ဂုဏ်ထူးဖြင့်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများနှင့် ရိုးရိုးအောင်မြင်သောကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်း အနားတွင် ကပြသီဆိုဖျော်ဖြေကြသောကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်သစ်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အလျား ၂၀၀ ပေ၊ အနံ ၃၀ ပေ RC နှစ်ထပ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)