စဉ့်ကိုင် ဩဂုတ် ၂၅
ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုမည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန်၊ လူအများအလယ်တွင် ရဲဝင့်စွာပြောဆိုတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်လာစေရန်စသည်တို့ကိုရည်ရွယ်ကာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို အဆိုပါဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန့်နေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများနှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းခဲ့ကြသည်။ ဆက်လက်ပြီး ပြိုင်ပွဲဝင်ကျောင်းသား/သူ (၂၀)ဦးတို့က မိမိတို့နှစ်သက်ရာ ခေါင်းစဉ်များဖြင့် ပုံပြင်ပြောပြိုင်ပွဲတွင်လည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ဆုရရှိသော ကျောင်းသား/သူများအား ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့်တာဝန်ရှိသူများက ကျောင်းသုံး ဗလာစာအုပ်၊ ခဲတံဘူး၊ ရောင်စုံခဲတံနှင့် ဆေးရောင်ခြယ်စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူများကခန်းမအတွင်း ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များနှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲဝင်ပန်းချီလက်ရာများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)(၃၉၉)