နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပြည်ထောင်စုနယ်မြေ နေပြည်တော်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဩဂုတ် ၂၅

ပြည်ထောင်စုနယ်မြေ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများအနေဖြင့် မိုးလေဝသဖြစ်စဉ်များကို မပျက်လေ့လာပြီး မိမိတို့ဒေသတွင်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ရှာဖွေကူညီကယ်ဆယ်ခြင်း၊ ထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းများကို ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများနှင့်ပူးပေါင်းပြီး အချိတ်အဆက်မိမိဖြင့် တုံ့ပြန် ဆောင်ရွက်နိုင်ရေး အစီအမံများချမှတ်ပြီး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ ချောင်းမကြီးများနှင့် ချောင်းလက်တက်များတွင်ရေတက်မှုကို စောင့်ကြည့်မှုများကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ထိခိုက်မှုနည်းနိုင်သမျှ ထိခိုက်ဆုံးရှုံးမှုနည်းအောင် စနစ်တကျစုဖွဲ့ပြီး ကာကွယ်ကူညီပေးခြင်း၊ စီမံခန့်ခွဲမှုကိစ္စရပ်များကို သက်ဆိုင်ရာဌာနအားလုံးက မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် နည်းလမ်းမှန်မှန်ဖြင့် အကောင်းဆုံး တုံပြန်ကူညီဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထူးခြားဖြစ်စဉ်သတင်းများအချိန်နှင့် တပြေးညီတင်ပြရမှာဖြစ်ကြောင်း၊ သီးနှံများရေကြီးနစ်မြုပ်မှုနှင့်ပတ်သက်၍ ရေပြန်ကျသည့်အခါ ပျက်စီးဆုံးရှုံးမှုအပေါ်မူတည်၍ ပြန်လည်ကုစားပေးရန်နည်းလမ်းများနှင့် အစီအမံများကြိုတင်ရေးဆွဲထားကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များကလက်ရှိ နေပြည်တော်အတွင်းရှိ ချောင်းမကြီးမ​များနှင့် ချောင်းလက်တက်များတွင် ရေကြီးရေလျှံမှုများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ယခုဖြစ်ပေါ်နေသည့် မိုးလေဝသအခြေအနေများ၊ ရေကြီးရေလျှံမှုများဖြစ်ပွားသည့်နေရာများတွင် ကူညီကယ်ဆယ်ေရးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများ၊ ဆည်၊ ရေလှောင် တမံများအတွင်း ရေဝင်ရောက်မှု အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်မည့်အစီအမံများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တင်ပြချက်များနှင့်ပတ်သက်၍ ပေါင်းစပ်ဆောင်ရွက်ပေးပြီး  နိဂုံးချုပ်စကား ပြောကြားသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)