နေပြည်တော် ဩဂုတ် ၂၅
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် နေပြည်တော်ကောင်စီ ညွှန်ကြားရေးမှူး ဦးသူအောင်၊ နေပြည်တော်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်-ပင်လောင်းလမ်းပေါ်ရှိ ကိုးကွေ့ချောင်းကူးတံတားသည် မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားပြီး ပျက်စီးခဲ့မှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ ဖြတ်သန်းသွားလာမှုအဆင်ပြေစေရန်အတွက် ယာယီဘေလီတံတား အမြန်တည်ဆောက်ရန်နှင့် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်း မိုးသည်းစွာ ရွာသွန်းမှုကြောင့် ငလိုက်ချောင်း ရေလျှံမှုဖြစ်ပွားခဲ့ပြီး ချောင်းအနီးရှိ လူနေအိမ်များအတွင်း ရေများဝင်ရောက်မှုကို နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်များနှင့်အဖွဲ့သည် ရေဘေးသင့်ပြည်သူများအား ယာယီရွှေ့ပြောင်းနေရာချထားသည့် ပျဉ်းမနားမြို့၊ စဉ်းအိုးဘိုကျောင်းတိုက် ဓမ္မာရုံနှင့်နံတော်စဉ် ဓမ္မာရုံသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင် ရှောက်ပေးနေမှုများကိုကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားကာ အာဟာရဖြစ် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)