နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်များအား ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဩဂုတ် ၂၅

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ်၌ ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မောင်းရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာတွင် လူနေအိမ်များရေကြီးနစ်မြုပ်ခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းတွင် မောင်းရမ်းကျေးရွာအုပ်စု၊ မောင်းရမ်းကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ရေဘေးသင့်ခဲ့သည့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား တက်ရောက်သည်။

အခမ်းအနားတွင် ဥတ္တရသီရိမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းယုက ရေဘေးဖြစ်ပွားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်မည့် အစီအစဉ်အား ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားပြီး ရေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၁၁၄,၇၀၀  ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး တစ်အိမ်ထောင်စာတို့ကိုလည်းကောင်း၊ နေပြည်တော် MSME အသင်းအဖွဲ့ဝင်များမှ လှူဒါန်းသော ရေသန့်၊ ကြက်ဥနှင့်ခေါက်ဆွဲ‌ ခြောက်ထုတ်များအားလည်းကောင်း ထောက်ပံ့ပေးအပ်သည်။

ထို့နောက် နေပြည်‌တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ ရွာလယ်ချောင်းကူးတံတား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအား လိုအပ်သည်များကိုမှာကြားကာ တံတားပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်နေသူများအား အလှူငွေကျပ် ၁၀၀,၀၀၀ ကျပ်ကို  ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် ဇလောင်းကျေးရွာအနီး ပျဉ်းမနား-တောင်ညိုလမ်းမကြီးဘေးရှိ  ကွင်းအမှတ်(၁၈၈၁)တောင်သူ ဦးထွန်းဝေ၏ မိုးစပါးစိုက်ခင်းရေကြီးနစ်မြှုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း(မြောက်)ကျေးရွာတွင် ကျေးရွာစာကြည့်တိုက် အသစ်ဆောက်လုပ်‌နေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက အဆောက်အဦဆောက်လုပ်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခန့်စေရေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ရေရှည်စီမံချက်များချမှတ်ပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်းနှင့် လိုအပ်သည်များကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းခြံစည်းရိုး အုတ်တံတိုင်း ၁၅၀ ပေ ပြိုကျပျက်စီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)