နေပြည်တော် ဩဂုတ် ၂၅
နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့၊ အမှတ်(၆) ရပ်ကွက်ရှိ ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒမဟာထေရ်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်များသည် အဆိုပါကျောင်းတိုက်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းတိုက်အတွင်း ဝါဆိုဝါကပ်ကြမည့် ဆရာတော်များအား အေးချမ်းစွာ တရားဘာဝနာပွားများ အားထုတ်နိုင်ရေးအတွက် အမြဲမပြတ် သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ခြင်၊ ယင်များ ပေါက်ဖွားမှုမရှိစေရေးကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များသည် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု ကွင်းအမှတ် ၁၆၇၂ ကွင်း ရှင်းလင်းဆောင်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား သွင်းအားစု ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား တက်ရောက် သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် စပါးအပါအဝင် သီးနှံများအားလုံး ပန်းတိုင်အထွက်နှုန်းများရရှိရေး၊ သွင်းအားစုများကို စနစ်တကျ ထည့်သွင်းနိုင်ရေး၊ စိုက်ပျိုးရေကို အလေအလွင့်မရှိစေရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ ဆောင်ရွက်နိုင်ရေး၊ သတ်မှတ်နေရာများအလိုက် သီးနှံပုံစံများ စနစ်တကျရေးဆွဲဆောင်ရွက်ရေးတို့ကို အလေး ထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်လာစေရေး၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်နိုင်က ဒက္ခိဏသီရီမြို့နယ်အတွင်း လယ်မြေ (မိုးကောင်းသောက်)တွင် စိုက်ပျိုးသင့်သည့် သီးနှံပုံစံများနှင့် လယ်မြေ (ဆည်ရေ သောက်) တွင် စိုက်ပျိုးသင့်သည့် သီးနှံပုံစံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်များက မိုးစပါးစိုက်ပျိုးမည့်တောင်သူမျာအား သွင်းအားစု ဓာတ်မြေဩဇာများပေးအပ်ပြီး တောင်သူများက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)