ကိုကိုးကျွန်း သြဂုတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်(၁) နာရီအချိန်၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ပြုလုပ်ခဲ့ပြီး ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်က လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ်အယူအဆများမှန်ကန်စေရန်နှင့် နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့သားကောင်းရတနာများဖြစ်စေရန် အသိပညာဗဟုသုတနှင့်ပြည့်စုံသည့် လူငယ်များဖြစ်ရန်စာကိုများများဖတ်ဖို့လိုကြောင်း ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာအပြင် စာပေကိုခင်တွယ်တန်ဖိုးထားလေ့လာဖတ်ရှုနေမှသာ ဘက်စုံဖွံ့ဖြိုးပြီးအရည်အချင်းရှိတဲ့လူငယ်မောင်မယ်များ ဖြစ်လာမှဖြစ်ကြောင်း နိုင်ငံဖွံ့ဖြိုတိုးတက်ဖို့လုပ်ဆောင်ရာမှာ လူစွမ်းအားအရင်းအမြစ်များက အဓိကအရေးကြီးတာကြောင့် လူငယ်များကို ဘက်စုံဖွံ့ဖြိုးအောင်သက်ဆိုင်ရာဌာနများက ပြုစုပျိုးထောင်နေခြင်းဖြစ်ကြောင်း လူငယ်များဟာအနာဂတ်တိုင်းပြည်အတွက် အဓိကအရေးပါတာကြောင့် အဘက်ဘက်မှအသိပညာဗဟုသုတများပြည့်စုံအောင် အချိန်ရတိုင်းစာပေများကို လေ့လာလိုက်စားဖတ်ရှုနေရမည်ဖြစ်ကြောင်း စာဖတ်ရာတွင်လည်း စာဖတ်သက်သက်မဟုတ်ပဲ ဖတ်သမျှမှတ်၊ မှတ်သမျှကိုပြန်လည်မျှဝေနိုင်လျှင်အကျိူးရှိကြောင်း ထို့ကြောင့်လူငယ်များအနေဖြင့် စာပေကိုခင်တွယ်တန်ဖိုးထား လေ့လာမှတ်သားဖတ်ရှုနေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
ဆက်လက်၍ မြို့နယ်လူငယ်ရေးရာကော်မတီဒုဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက လူငယ်နှင့်စာပေ၊ မြို့နယ်တရားသူကြီး ဦးမင်းမြတ်ဦးက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးနှင့် မြို့နယ်ဥပဒေအရာရှိ ဦးကောင်းဆက်ဦးက လူငယ်နှင့်စာပေခေါင်းစဥ်များဖြင့် ဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူငယ်အသိပညာပေး နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသား/သူများမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)